ပုံစာ-ဖမ်းဆီးမိသော သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ။ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ်မှ စစ်တပ်စခန်းတစ်ခုကို နေပြည်တော်တိုင်းစစ်ဌာနမှ သိမ်းပိုက်နိုင်ခဲ့ပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အပါအဝင် ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၀ ရက်တွင် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာ၌ အင်အား ၆၀ ခန့်ဖြင့် တပ်စွဲထားသော စစ်တပ်စခန်းကို PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ရွာသစ်ကျေးရွာအထိုင်စခန်းနှင့် ကျေးရွာအတွင်းရှိ ကင်းစခန်းများအား သိမ်းပိုက်နိုင်ခဲ့ပြီး တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် လေကြောင်းရန်ကာကွယ်ရေးတပ် လကတ ၂၀၂၉ မှ ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာနက သတင်းထုတ်ပြန်သည်။
“သိရသလောက် အဲဒီအထိုင်စခန်းက သေချာအခိုင်အမာတပ်စွဲထားတဲ့စခန်းပါ။အဲမှာ လာအထိုင်ချ တာ တစ်နှစ်ခွဲလောက်တော့ ရှိပြီ။ရေတာရှည်နဲ့စာရင် ဆွာနဲ့ပိုနီးတယ်။တပ်ရင်းမှူးထိသွားပြီဆို တော့ တိုက်ပွဲပိုပြင်းလာနိုင်တယ်။ဒေသခံတွေကိုလည်း သတိပေးထားပါတယ်”ဟု ဒေသတွင်း PDFရဲ ဘော်တစ်ဦးက MPAသို့ပြောသည်။
တပ်ရင်းမှူး ညီညီနိုင်ကို လက်ရဖမ်းဆီးချိန်တွင် ပစ္စတိုထုတ်ပြီး ခုခံသဖြင့် ပစ်ချလိုက်ကြောင်း သိရ သည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်း ၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ကျန်စစ်သားများ ဆုတ်ခွာထွက်ပြေးသွားပြီးနောက် ကျေးရွာအတွင်း ပိတ်မိနေသည့် ပြည်သူများအား တိုက်ပွဲလွတ်ရာသို့ ကယ်ထုတ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲမှ ဒရုန်းဖျက်စက် တစ်လုံး ၊ MA-11 သေနတ်တစ်လက်၊ MA-3 တစ်လက်၊ G3 ၃ လက်၊ ၆၀မမ ပြောင်းတစ်ပြောင်း၊ ၆၀မမ လက်နက်ကြီး ၅လုံး၊ ပစ္စတို တစ်လက်၊ ကျည်ဘောက် ၁၀ခု၊ ကျည်မျိုးစုံ ၁၀၀၀ ခန့် နှင့် မီးစက် တစ်လုံး သိမ်းဆည်း ရမိခဲ့ပါသည်။
ယင်းတိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာနအောက်ရှိ တပ်ရင်းများစုဖွဲ့ထားသည့် ဗျူဟာစစ်ကြောင်းက ဆင်နွဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်၂ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စစ်တပ်က စစ်ကူအင်အားများဖြည့်၍ ပြန်လည် ထိုးစစ်ဆင်လျက် ရှိသောကြောင့် တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML
