မန္တလေးတိုင်း နွားထိုးကြီးတွင် စစ်တပ်ဗုံးကြဲမှုကြောင့် PDF များ သေဆုံးဟုဆိုသည့် အကြောင်းအရာ စစ် ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။
“Truth Media” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၂၀၊ နေ့လည် ၁ နာရီ ၁၂ မိနစ်တွင် နွားထိုးကြီးမြို့ရှိ PDF များကို စစ်တပ်က ဗုံးကြဲရှင်းလင်းရာ PDF များ သေဆုံးခဲ့ကြောင်း၊ ခေတ်သစ် မီဒီယာက ပြည်သူ များဟု ဖော်ပြထားမှုမှာ မဟုတ်ကြောင်း၊ သေဆုံးသူများသည် PDF များ သေချာကြောင်း ဓာတ်ပုံနှင့်တကွ ဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို အောက်တိုဘာ ၂၂ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၉,၅၀၀ ကျော်၊ Reaction ပေးသူ ၁၀၀ ကျော် ရှိခဲ့ပြီး “နေပြည်တော်, D.I Thameedaw” အပါအဝင် အခြား စစ်တပ် ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များကပါ ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများခဲ့သည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/opeum
နေပြည်တော် – https://archive.ph/LEvNY
D.I Thameedaw – https://archive.ph/uCOPk
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ “Burma Human Rights Network” တွင် ဖော်ပြထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။
Burma Human Rights Network တွင် အောက်တိုဘာ ၁၉ ရက်က မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုး ကြီးမြို့နယ် အရှေ့မြောက်ဘက်ရှိ ပဲချက်ကျေးရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲချခဲ့ကြောင်း၊ ဗုံး ဒဏ်ကြောင့် ကျေးရွာရှိ ပြည်သူလေးဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/78dv
ထပ်မံ၍ Google တွင် “နွားထိုးကြီး ပဲချက်ရွာ ဗုံးကြဲခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Myanmar Now ၊ မောင်း ၊ မြေလတ်အသံ” တို့တွင် သတင်းရေးထားကြသည်။
သတင်းမီဒီယာများတွင် အောက်တိုဘာ ၁၉ ရက်နေ့က မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် အရှေ့မြောက် ဘက်ရှိ ပဲချက်ကျေးရွာကို စစ်တပ်က အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးဒဏ်ကြောင့် ဒေသခံ လေးဦး သေဆုံးခဲ့ပြီး နှစ်ဦးထက် မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း၊ မိတ္ထီလာ လေတပ်ဘက်က တက်လာသည့် စက်တပ်လေထီးများ ဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း၊ ဗုံးကြဲမှုကြောင့် ပဲချက်ရွာရှိ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
Myanmar Now – https://bitly.cx/kG95
မောင်း – https://bitly.cx/fcty
မြေလတ်အသံ – https://bitly.cx/1oUMN
သုံးသပ်ချက်
သတင်းမီဒီယာများတွင် နွားထိုးကြီးမြို့နယ်ရှိ ပဲချက်ရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲခဲ့မှု ကြောင့် အရပ်သားပြည်သူ လေးဦး သေဆုံးခဲ့ပြီး နှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဖော်ပြ ထားသည်။
ထိခိုက်သေဆုံးသူများမှာ ပဲချက်ရွာရှိ အရပ်သားပြည်သူများ ဖြစ်ကြသည်။
ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်အချို့တွင် ပျံ့နှံ့နေသော “နွားထိုးကြီးမြို့ရှိ PDF များကို ဗုံးဒဏ်ကြောင့် သေဆုံး” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Editor – Wazza
