ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ်၊ရွာသစ်ရွာ စစ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် ဆက်လက်တိုက်ပွဲပြင်းထန်နေပြီး PDF တို့ အသာစီးရနေကြောင်း သိရသည်။
အောက်တိုဘာ ၂၀ ရက်တွင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ရေတာရှည်မြို့နယ် ၊ ရွာသစ်ကျေးရွာ ၌ အင်အား ၆၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်တပ်စခန်းကို PDF ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် စစ်သားအင်အား ၂၅၀ ခန့် စစ်ကူများ ရောက်ရှိလာရာ ရွာသစ်ကျေးရွာအနီး ယနေ့(အောက်တိုဘာ ၂၂ ရက်) နံနက်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း နေပြည်တော်တိုင်းစစ်ဌာန ထံကသိရသည်။
“အခုချိန်ထိ တိုက်ပွဲဆက်ဖြစ်နေပါတယ်။ရွာသစ်အနီးတဝိုက်မှာပါပဲ။ကျနော်တို့ဘက်က အသာစီး ရနေပါတယ်ဗျ။ မနေ့ညပိုင်းနဲ့ ဒီနေ့မနက်ပိုင်းအထိ ရန်သူ့စစ်ကူ ပိုတိုးလာပါတယ်ဗျ။ အားလုံးပေါင်း ၂၅၀ လောက်ရှိမယ်။ ရန်သူက တပ်ပေါင်းစုပါ။ တောင်ငူ၊ဆွာ၊ရေနီနဲ့ နပတ(နေပြည်တော်)တပ်တွေ ပေါင်းထားပုံရပါတယ်။တိုက်ပွဲတွေဆက်ဖြစ်လာဖို့ရှိပါတယ်။လေကြောင်းတိုက်ခိုက်မှုလုပ်နေတယ်။ ပေါင် ၅၀၀ တွေလည်း ကြဲချသွားတယ်”ဟု နေပြည်တော်တိုင်းစစ်ဌာနမှ တိုင်းကွပ်ကဲရေးမှူး ဗိုလ်လက်ျာက MPA သို့ ယနေ့နံနက် ၉ နာရီကျော်တွင် ပြောသည်။
ရွာသစ်ကျေးရွာ စခန်းသိမ်းတိုက်ပွဲနှင့် ယခု ထပ်မံဖြစ်ပွားနေသည့် တိုက်ပွဲများကို နေပြည်တော်တိုင်း စစ် ဌာနအောက်ရှိ တပ်ရင်းများစုဖွဲ့ထားသည့် ဗျူဟာစစ်ကြောင်းက ဆင်နွှဲနေခြင်းဖြစ်သည်။
ရွာသစ်ကျေးရွာ စခန်းသိမ်းတိုက်ပွဲတွင် တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် လေကြောင်းရန်ကာကွယ်ရေးတပ် လကတ ၂၀၂၉ မှ ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ်သား ၁၅ ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၂ ဦးအား အရှင်ဖမ်းဆီးရမိခဲ့ကာ ကျန်စစ်သားများ ထွက်ပြေးသွားကြကြောင်း သိရသည်။
စာတည်း-ML
