သေနတ်ထောက်ပြုလုပ်မည့် ရွေးကောက်ပွဲအတုကို အာဆီယံ ဆန့်ကျင်ရန် JFM တောင်းဆို

ဓာတ်ပုံ - Justice For Myanmar

တရားမဝင်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး စစ်အုပ်စု ကြိုးပမ်းနေမှုကို ဆန့်ကျင်ရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို Justice For Myanmar – JFM က တောင်းဆိုလိုက်သည်။

မြန်မာပြည်သူများက ပြတ်ပြတ်သားသား ငြင်းပယ်ထားပြီးဖြစ်သည့်အပြင် တရားမဝင်စစ်အုပ်စုက သေနတ်ထောက်ကျင်းပသည့် ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်ကြောင်း အာဆီယံအနေနှင့် ယင်းအတုအယောင်လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသား ငြင်းပယ်ရမှာဖြစ်ပြီး၊ ရွေးကောက်ပွဲစောင့်ကြည့်သူများ စေလွှတ်ခြင်း မပြုရမည့်အပြင် စစ်အုပ်စုအား တရားဝင်မှုဖြစ်စေမည့် မည်သည့်နည်းလမ်းကိုမဆို ငြင်းဆန်ရမှာ ဖြစ်ကြောင်း Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

” စစ်အုပ်စုရဲ့ အမည်ခံရွေးကောက်ပွဲက ဒီမိုကရေစီကိုဦးတည်တဲ့ လမ်းကြောင်းတစ်ရပ် မဟုတ်ပါဘူး။ ဒါဟာ သူတို့ရဲ့ အကြမ်းဖက်အုပ်ချုပ်မှုကို မှားယွင်းစွာ တရားဝင်မှုပေးနိုင်ဖို့အတွက် စစ်အုပ်စုက ဒီဇိုင်းဆွဲထားတဲ့ လှည့်ကွက်တစ်ခုသာဖြစ်ပါတယ်။ အာဆီယံခေါင်းဆောင်တွေ စုစည်းတွေ့ဆုံချိန်မှာ သူတို့အနေနဲ့ တရားမဝင်စစ်အုပ်စုက ကျင်းပပေးတဲ့ လွတ်လပ် မျှတပြီး ယုံကြည်ထိုက်တဲ့ ရွေးကောက်ပွဲဆိုတာဟာ ဘယ်လိုမှ ဖြစ်မလာနိုင်ဘူး ဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်း သိမြင်ရပါမယ်” ဟု ၎င်းက ပြောသည်။

အာဆီယံသည် ၎င်းတို့၏ မအောင်မြင်သည့် ဘုံသဘောထား၅ရပ်ကို ပြဌာန်းခဲ့ပြီး ၄နှစ်ကျော်ကာလသို့ ရောက်ရှိလာသည့်တိုင် မြန်မာစစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများကိုသာ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ယင်းသို့လုပ်ဆောင်နိုင်အောင် အာဆီယံ၊ ၎င်း၏အဖွဲ့ဝင်နိုင်ငံများနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ၏ ကြံရာပါပတ်သက်မှုများက အားပေးကူညီခဲ့ခြင်း ဖြစ်သည်ဟု JFMကဆိုသည်။

စစ်အုပ်စုသည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်လျက်ရှိရာ နိုင်ငံတစ်ဝန်း အရပ်ဘက်၊ စစ်ဘက်မခွဲခြားဘဲ အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင် လာပြီး၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် အကြမ်းဖက်မှုမျိုးစုံကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး စစ်အုပ်စုကြောင့် ထိခိုက်ခံစားရသူများတွင် ကလေးသူငယ်များ ပါဝင်မှုသည်လည်း မြင့်တက်လာကြောင်း ဆိုသည်။

” အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကနေ မြန်မာပြည်သူတွေသာမက ဒေသတွင်းနဲ့ဒေသပြင်ပက နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေရဲ့ သားကောင်တွေကိုပါ ကာကွယ်နိုင်ဖို့အတွက် မိမိတို့တာဝန်ဝတ္တရားများကို ဖြည့်ဆည်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု မရတနာမောင်ကပြောသည်။

စစ်အုပ်စုသည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက)” မှ အမည်ခံ “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင် (နလအက)” အဖြစ် အမည်ပြောင်းလဲခဲ့ပြီး ယင်းသို့တွက်ချက်ပြင်ဆင်ထားသည့် အရွေ့သည် စစ်အုပ်စုအတွက် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရှားနိုင်ရန်နှင့် ၎င်းတို့ ကျူးလွန်လျက် ရှိသည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ခံမှုကို မှေးမှိန်စေရန် ကူညီပေးနိုင်ကြောင်း Justice For Myanmar က သတိပေးထားသည်။

နစက ကို ဒဏ်ခတ်ပိတ်ဆို့ထားသည့် အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်ကြသော ကနေဒါ၊ အီးယူ၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့အနေဖြင့် နလအက အား ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထည့်သွင်းရန် အရေးတကြီး ဖြည့်စွက်သင့်ကြောင်းလည်း Justice For Myanmar ကထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခွင့်မရသော ၄၇ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့တွင် အောက်တိုဘာ၂၆ရက်မှ ၂၈ရက်အထိကျင်းပ မည်ဖြစ်သည်။

စာတည်း-ML