မွန်ပြည်နယ် တရားမဝင်ဝန်ကြီးချုပ် အောင်ကြည် သိန်း၏ စီးပွားရေးမိတ်ဖက် လောင်းကစားဒိုင်ချုပ်အချို့၏ အစီအမံဖြင့် မော်လမြိုင်မြို့ပေါ် တွင် တရုတ်ကျားဖြန့်များ ခိုလှုံနေကြကြောင်း သိရသည်။
မြဝတီမြို့နယ်အတွင်း နာမည်ဆိုးဖြင့် ကျော်ကြားနေသော ကျားဖြန့်ဟု လူသိများသည့် အွန်လိုင်း ငွေလိမ်လုပ်ငန်းတည်ရှိရာ KK Park မှ ထွက်ခွာလာသည့် ကျားဖြန့်တရုတ်အချို့သည် BGF လောင်း ကစားဒိုင်ချုပ်တို့၏ အကူအညီဖြင့် မော်လမြိုင်သို့ ရောက်ရှိခိုလှုံနေခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အ စိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးကဆိုသည်။
“KK Park က ထွက်လာတဲ့ကောင်တွေထဲက တချို့က ရွှေကုက္ကိုလ်ပြေးတယ်။တချို့ကတော့ ရန်ကုန် ပြေးတယ်။အခု မော်လမြိုင်ရောက်လာတဲ့ကောင်တွေက မြဝတီအခြေအနေကို တစ်ခေါ်လောက်ဝေး တဲ့ မော်လမြိုင်ကနေ စောင့်ကြည့်ချင်တဲ့သဘောလို့ထင်တယ်။အကြီးစားကျားဖြန့်တွေတော့ မဟုတ် ဘူး။သူတို့လောင်းကစားဒိုင်အသိုင်းအဝိုင်းကနေကြားရသလောက် အလတ်စားအဆင့်”ဟု ၎င်းက MPAသို့ပြောသည်။
လောင်းကစားဒိုင်ချုပ်များသည် တရားမဝင်ဝန်ကြီးချုပ် အောင်ကြည်သိန်းနှင့် အချိန်မရွေး တိုက်ရိုက်ဆက်ဆံနိုင်သည့် စီးပွားဖက်များဖြစ်ပြီး အောင်ကြည်သိန်း၏ တပည့်ရင်းများနှင့်လည်း သွားလာလှုပ်ရှားနေသူများဖြစ်သဖြင့် အောင်ကြည်သိန်း၏ ခွင့်ပြုချက်ဖြင့် လက်ခံထားခြင်းဟု သေချာပေါက်ပြောနိုင်ကြောင်း ၎င်းက ကောက်ချက်ချသည်။
“လက်ခံထားတော့ ပိုက်ဆံလည်း မြိုးမြိုးမြက်မြက်ရမယ်။ကျားဖြန့်နဲ့လည်း အဆက်အသွယ်ရမယ်။ ရွေးကောက်ပွဲပြီးသွားရင် အခုလို မြို့ပေါ်မှာ လောင်းကစားဝိုင်းတွေ ပေါ်တင်လုပ်တာမျိုး ရချင်မှရ တော့မှာ။အဲခါကျရင် လောင်းကစားကနေ ရတဲ့လိုင်းကြေးမရှိတော့ဘူး။အဲဒီတော့ လောင်းကစား နေရာမှာ အသံတိတ်လေးနဲ့ အခုလောင်းကစားလိုင်းကြေးထက် အများကြီးပိုရမယ့် ကျားဖြန့်ကို ဝန် ကြီးချုပ်တို့က လှမ်းချင်နေတယ်လို့ ထင်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
မော်လမြိုင်တွင် လာခိုနေသည့် တရုတ်ကျားဖြန့်အရေအတွက်ကို သေချာမသိသော်လည်း အလုံးအရင်းဖြင့် ရောက်လာခြင်းမဟုတ်ဘဲ ဆယ်ဂဏန်းခန့်သာရှိမည်ဟု ထင်ကြောင်း ၎င်းက ဆို သည်။
“ကျနော်တို့မွန်ဒေသမှာ လုပ်စားနေတဲ့ လောင်းကစားဒိုင်ချုပ်တို့ဘာတို့ဆိုတာ BGF မဟုတ်ရင် တောင် BGF နဲ့ ကောင်းကောင်းပတ်သက်ခဲ့တဲ့ကောင်တွေများတယ်။အောင်ကြည်သိန်းဆိုတာက ကိုယ့်ကိုမွေးထုတ်ပေးခဲ့ပြီး ကိုယ့်အပေါ်ကျေးဇူးရှိတဲ့ ကိုယ့်ဒေသကိုတောင် သူ့ကိုယ်ကျိုးအတွက် လောင်းကစားဇာတ်သွင်းခဲ့တဲ့ ဘနဖူးသိုက်တူးရဲတဲ့ကောင်ဆိုတော့ သူကိုမထိခိုက်နိုင်ဘူး။ငွေမြိုး မြိုးမြက်မြက်ရမယ်၊အသံသိပ်မထွက်ဘူးဆိုရင် ကျားဖြန့်လုပ်ခွင့်ပေးဖို့လည်း ဝန်လေးမှာ မဟုတ်ဘူး။ဒါပေမဲ့၊အခုကျားဖြန့်တွေဘာတွေ လာခိုတာတို့ဘာတို့တော့ ကျနော်မသိဘူး၊အဲဒီ လောက်လက်လှမ်းမမီဘူး။ကျနော့်အမြင်အရ လာခိုနေတာတော့ သေချာပါတယ်”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။
ကျားဖြန့်တို့ ကျက်စားရာ မြဝတီနှင့် မော်လမြိုင်သည် လမ်းခရီးအခြေအနေကောင်းပါက နာရီ ပိုင်းအတွင်း ရောက်နိုင်သည့် အနီးဆုံးတွင် တည်ရှိကြောင်း ထို့ပြင် မော်လမြိုင်မြို့သည် မြို့ကြီး ဖြစ် ပြီး စစ်ကော်မရှင်အာဏာ အလုံးစုံသက်ရောက်နေသဖြင့် ကျားဖြန့်သမားများ ဘေးမသီရန်မခ ဇိမ်ခံ ခိုလှုံနိုင်သည့်မြို့ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
KK Park ကို စစ်တပ်က ထပ်မံစီးနင်းမည်ဆိုသည့်သတင်းကြောင့် တရုတ်၊မြန်မာနှင့် နိုင်ငံခြားသား တို့သည် အောက်တိုဘာ၂၂ရက်မှ စတင်ကာ ယင်းနေရာမှ အလုံးအရင်းဖြင့် ထွက်ခွာခဲ့ကြသည်။
စာတည်း-ML
