မကွေးတိုင်း၊ မင်းတုန်းမြို့အနီးတွင် ဆက်ကြေးကောက်ရန်လာသည့် ရဲနှစ်ဦး ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။
ယနေ့ (အောက်တိုဘာ ၂၆ရက်) နံနက် ၆နာရီခွဲခန့်တွင် မင်းတုန်းမြို့တွင်းမှ ဆက်ကြေးကောက် ရန်ထွက်လာသည့် ရဲနှစ်ဦးကို အင်းလည်ကုန်းကျေးရွာအနီး မြို့အဝင်လမ်းပိုင်းပေါ်၌ PDFတို့က ကင်ပုန်းဝပ်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄တပ်ရင်းက သတင်းထုတ် ပြန်သည်။
” သူတို့တွေက အမြဲအဲ့မှာ ဂိတ်ကြီးဖွင့် အထိုင်ချကောက်နေတာမျိုးတော့မဟုတ်ပါဘူး။ သူတို့ သတင်းရရင် ရသလို သူတို့ငွေလိုရင်လိုသလို ထွက်ပြီးတော့ ကောက်တာမျိုးပါ။ ဒီလိုမျိုးကို ကျနော် တို့က ကြိုပြီးတော့ သတင်းရထားတာမျိုးပါ။ သတင်းရထားတဲ့အတွက် ၂၅ရက်နေ့ကတည်းက ကြိုပြီးတော့ တပ်စိတ်တစ်စိတ်သွားပြီးတော့ ကင်းပုန်းဝပ်ထားတာဗျ။ ၂၆ရက်နေ့မှာ တိုက်ခိုက်တယ် ပေါ့နော်။ ကောက်တာကတော့ အဲ့လမ်းပိုင်းပေါ်မှာ နည်းနည်းအဆင်ပြေမယ့်နေရာမျိုးမှာ ရပ် ကောက်တာမျိုးပေါ့။ သူတို့တွေ မင်းတုန်းမြို့ထဲကနေ ဆိုင်ကယ်နဲ့လာတာပေါ့။ ဆိုင်ကယ်ကို ရပ်ခဲ့ပြီး တော့ ကောက်မယ့်နေရာကို လမ်းလျှောက်လာတဲ့အချိန်မှာ ကျနော်တို့တွေက ကြားဖြတ်တိုက်ခိုက် တာဖြစ်ပါတယ်” ဟု သရက်ခရိုင်အမှတ် ၄တပ်ရင်း၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က MPA သို့ပြောသည်။
၎င်းတို့၏ရုပ်အလောင်းများကို စစ်တပ်က လုံခြုံရေးယူကာ လူနာတင်ယာဉ်နှစ်စီးဖြင့် မင်းတုန်းမြို့ ထဲသို့ သယ်ဆောင်သွားကြောင်း သိရသည်။
ယင်းလမ်းပိုင်းတွင် စစ်အုပ်စုဝင်များက ကားတစ်စီးလျှင် ကျပ်သိန်း ၄၀မှ ၅၀အထိ ခြိမ်းခြောက်ငွေ ကောက်လေ့ရှိကြောင်းသိရသည်။
” ကျနော်တို့ ဒီမင်းတုန်း၊ သရက်ကန်လော်ပေါ့။ အထူးသဖြင့် မင်းတုန်းပေါ့။ ဒီဒေသတွေဟာ စစ်ကောင်စီရဲ့ စားနပ်ရိက္ခာ၊ စက်သုံးဆီ၊ လောင်စာဆီပေါ့။ ဆက်သွယ်ရေးကအစ ဖြတ်တောက် ပိတ်ဆို့ထားတဲ့ ဒေသတွေဖြစ်ပါတယ်။ ဒီဒေသတွေထဲကို ဒေသခံတွေက ရောင်းချဖို့သော်လည်း ကောင်း၊ စားသုံးဖို့သော်လည်းကောင်း ကုန်စည်လေးတွေသယ်ကြတာရှိပါတယ်။ ဒါတွေကို သူတို့တွေက ခြိမ်းခြောက်ငွေညှစ်တဲ့သဘောပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
အင်းလည်ကုန်းကျေးရွာသည် ပုသိမ်-မုံရွာလမ်းပေါ်တွင် တည်ရှိပြီး မင်းတုန်းမြို့နှင့် ၃မိုင်ကျော် သာဝေးသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် G3 သေနတ်၂လက် ၊ G3ကျည်ဘောက် ၂ခု ၊ G3ကျည် ၂၉တောင့် ၊ လက်ပစ်သီး တစ်လုံး ၊ လက်ထိပ် တစ်ခု ၊ ဖုန်းတစ်လုံး နှင့် ငွေသား ၆၅၀၀၀ကျပ် တို့သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
ရဲများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML
