အမေရိကန်လေယာဉ်တင်သင်္ဘော USS Nimitz မှ တိုက်လေယာဉ် ၁စင်းနှင့် ရဟတ်ယာဉ် ၁စင်းတို့သည် အောက်တိုဘာလ ၂၆ ရက် နေ့လယ်ပိုင်းတွင် မိနစ် ၃၀ အတွင်း၌ တောင်တရုတ်ပင်လယ်ထဲသို့ တစ်စင်းနှင့်တစ်စင်း ဆက်တိုက်ပျက်ကျခဲ့ကြောင်း ရေတပ်၏ ပစိဖိတ်ရေယာဉ်စုက ထုတ်ပြန်ထားသည်။
MH-60R Sea Hawk ရဟတ်ယာဉ်မှ လေယာဉ်အမှုထမ်း ၃ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး F/A-18F Super Hornet တိုက်လေယာဉ်မှ လေသူရဲ ၂ဦးမှာလည်း လေယာဉ်ပေါ်မှ ခုန်ထွက်ကာ ဘေးကင်းစွာ ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်းနှင့် ၅ ဦးစလုံး အခြေအနေကောင်းမွန်ကြောင်း သိရသည်။
ပျက်ကျမှု နှစ်ခုလုံး၏ အကြောင်းရင်းများကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း ထိုကြေညာချက်တွင် ပါရှိသည်။
USS Nimitz လေယာဉ်တင်သင်္ဘောသည် ယီမင်၏ ဟူသီသူပုန်များက ကုန်သွယ်ရေးသင်္ဘောများကို တိုက်ခိုက်မှုအပေါ် အမေရိကန်၏ တုံ့ပြန်မှုတစ်ရပ်အနေဖြင့် အရှေ့အလယ်ပိုင်း၌ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဝါရှင်တန်ပြည်နယ်၊ Kitsap ရေတပ်အခြေစိုက်စခန်းရှိ ၎င်း၏ တပ်ရင်းဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိတော့မည် ဖြစ်သည်။
အခြား လေယာဉ်တင်သင်္ဘောဖြစ်သည့် USS Harry S Truman သည်လည်း လွန်ခဲ့သည့်လများက အရှေ့အလယ်ပိုင်းတွင် တာဝန်ထမ်းဆောင်နေစဉ် မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ဖူး သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလတွင်၊ USS Gettysburg ဒုံးပျံပစ်ခတ်နိုင်သော ကရူဇာစစ်သင်္ဘောသည် Truman မှ F/A-18 ဂျက်လေယာဉ်တစ်စင်းကို မှားယွင်းပစ်ချခဲ့ဖူးသည်။
ဧပြီလတွင်လည်း အခြားသော F/A-18 တိုက်လေယာဉ်တစ်စင်းသည် Truman ၏ လေယာဉ်ထားရှိရာ ကုန်းပတ်ပေါ်မှ ချော်ထွက်ပြီး ပင်လယ်နီထဲသို့ ပြုတ်ကျခဲ့သည်။
မေလတွင်လည်း ပင်လယ်နီရှိ လေယာဉ်တင်သင်္ဘောပေါ် ဆင်းသက်လာသည့် F/A တိုက်လေယာဉ်တစ်စင်းသည် လေယာဉ်ဆင်းသက်မှုကို ရပ်တန့်ရန် အသုံးပြုသည့် သံမဏိကြိုးများကို ဖမ်းမမိဘဲ သင်္ဘောပေါ်မှ ကျော်လွန်သွားခဲ့ရာ လေသူရဲ နှစ်ဦးအား လေယာဉ်ပေါ်မှ ခုန်ထွက်ခဲ့ရသည်။
အဆိုပါမတော်တဆမှုများတွင် ရေတပ်သားများ သေဆုံးမှုမရှိခဲ့သလို အဆိုပါ ဖြစ်ရပ်များအတွက် စုံစမ်းစစ်ဆေးမှု ရလဒ်များကိုမူ ယခုထိ ထုတ်ပြန်ခြင်းမရှိသေးပေ။
