PDF များက ပြည်သူများနေထိုင်ရာ ကျေးရွာများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်နေဆိုသည့် အကြောင်းအရာ စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့ခဲ့သည်။
“Ko Thet” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ အောက်တိုဘာ ၂၆ ရက် ည ၉ နာရီ ၅၀ မိနစ်တွင် PDF များက ကျေးရွာများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်နေသည့် ရုပ်သံဖိုင်ဖြစ်ကြောင်း၊ ရှော့တိုက်ဒုံးဆိုသည်မှာ တိကျမှု မရှိဘဲ ကျချင်ရာ ကျသည့် အမျိုး ဖြစ်ကြောင်း၊ ဒါကြောင့် ဒီရုပ်သံဖိုင်ကို သက်သေအဖြစ် သိမ်းထားကြသင့် ကြောင်း ရုပ်သံဖိုင် နှင့်တကွ ဖြန့်ဝေထားသည်။
အဆိုပါ အကြောင်းအရာကို အောက်တိုဘာ ၂၇ ရက် ညနေပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၁၅,၀၀၀ ကျော်၊ Reaction ပေးသူ ၃၀၀ ကျော်ရှိခဲ့ပြီး “ရွှေနေကြာ၊ Lashio Thar” အပါအဝင် အခြား စစ်ကော်မရှင် ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/kPgmQ
ရွှေနေကြာ – https://archive.ph/TQxSr
Lashio Thar – https://archive.ph/ja9dr
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်ကို InVID Video verification ဖြင့် စစ်ဆေးပြီး ရရှိလာသော keyframe ပုံများကို Google Lens ဖြင့် ထပ်မံစစ်ဆေးကြည့်ရာ “Connect Burma” မီဒီယာက ဖော်ပြ ထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
Connect Burma မီဒီယာတွင် ၂၀၂၅ အောက်တိုဘာ ၁၉ ရက်က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသည့် သံမဏိစက်ရုံကို တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်အုပ်စုဘက်က ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/dhe5
Google တွင် “မြင်းခြံ သံမဏိစက်ရုံ ရှော့တိုက်ဒုံး ပစ်ခတ်” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “မောင်း၊ Mizzima၊The Kaladan Post” သတင်းမီဒီယာတို့က သတင်းဖော်ပြထားသည်။
သတင်းမီဒီယာများတွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသည့် သံမဏိစက်ရုံကို တော် လှန်ရေးတပ်ဖွဲ့များက အောက်တိုဘာ ၁၉ ရက်တွင် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရှော့ တိုက်ဒုံး ၁၀ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စက်ရုံအတွင်းရှိ စစ်သား ၁၅ ဦး သေဆုံးသွားကြောင်း၊ အဆိုပါ သံမဏိ စက်ရုံသည် စစ်တပ်ဘက်က အင်အား ၂၀၀ ဝန်းကျင်ဖြင့် တပ်စွဲနေထိုင်သည့် နေရာဖြစ်ကြောင်း ဖော်ပြ ထားသည်။
အပြည့်အစုံဖတ်ရန် >>>
မောင်း – https://bitly.cx/z2P7K
Mizzima – https://bitly.cx/AQJHB
The Kaladan Post – https://bitly.cx/0IcV9
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် Myingyan District Battalion-2 ကလည်း ရုပ်သံဖိုင်နှင့်တကွ ဖော်ပြထားသည်။ ရုပ်သံဖိုင်တွင် “ ဟုတ်ကဲ့ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျှက်ပါ” ( မူရင်းရေးသားချက်အတိုင်း) ဆိုသည့် စာသားနှင့်အတူ Burmese Guerrilla Force BGF-Myingyan, One More စစ်ကြောင်း နှင့် မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်းတို့အား ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။ ရုပ်သံဖိုင်သည် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်နှင့် ထပ်တူညီနေသည်။
အပြည့်အစုံကြည့်ရန် >>> https://bitly.cx/CZe1G
သုံးသပ်ချက်
သတင်းမီဒီယာများတွင် မြင်းခြံမြို့ရှိ စစ်တပ် တပ်စွဲထားသည့် သံမဏိစက်ရုံကို တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ၊ အဆိုပါ သံမဏိစက်ရုံတွင် စစ်တပ် အင်အား ၂၀၀ ဝန်းကျင်ခန့် ရှိ ကြောင်း ဖော်ပြထားသည်။
နှစ်မိနစ်ကျော် ကြာသော ရုပ်သံဖိုင်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက “မအလ တပ်တွေကို မုန့်ကျွေးမှာ ဖြစ်ပါတယ်” ဟူ၍ ပြောကြားထားတာ တွေ့ရသည်။
ထို့ကြောင့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “PDF များက ကျေးရွာများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
