နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ထိုင်းနှင့် နယ်စပ်တစ်လျှောက်ရှိ စစ်လက်နက်ပစ္စည်းများကို ကမ္ဘောဒီးယားနိုင်ငံက စတင်နေရာရွှေ့ပြောင်းနေပြီ ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံပိုင်မီဒီယာ Agence Kampuchea Presse ၏ ဖော်ပြချက်အရ လက်နက်များ ရုပ်သိမ်းသည့် လုပ်ငန်းစဉ်ကို အောက်တိုဘာ ၂၆ ရက်ညမှစ၍ အာဆီယံ လေ့လာသူအဖွဲ့ နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန တို့၏ ကြီးကြပ်မှုအောက်တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ရေးပစ္စည်းများ ရုပ်သိမ်းခြင်း၏ ပထမအဆင့်ကို စီယမ်ရီယပ်ပြည်နယ်၊ Banteay Srei ခရိုင်တွင် စတင်လုပ်ဆောင်ခဲ့သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် နှင့် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် တို့သည် ယခုငြိမ်းချမ်းရေးသဘောတူညီချက်ကို ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲနှင့် ဆက်စပ် အစည်းအဝေးပွဲများ ၏ ဘေးပန်းအစီအစဉ်အဖြစ် မလေးရှားဝန်ကြီးချုပ် ဒါတုခ် စရီ အန်ဝါ အီဘရာဟင် နှင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် တို့၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
“လက်နက်တွေကို ဖယ်ရှားတာဟာ ပထမဆုံးခြေလှမ်းဖြစ်ပြီး ကွာလာလမ်ပူ ပူးတွဲကြေညာချက် (KL Peace Accord) ကို အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ပြသတဲ့ သင်္ကေတတစ်ခုပါပဲ” ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး မာလီဆိုချီတာက နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် ယနေ့ ပြောကြားခဲ့သည်။
KL Peace Accord ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းသည် ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် ဩဂုတ်လ ၇ ရက်နေ့က ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သည့် အထွေထွေနယ်စပ်ကော်မတီ အရေးပေါ်အစည်းအဝေး တွင် ၎င်းတို့၏ နယ်စပ်ပဋိပက္ခကို အဆုံးသတ်ရန် သဘောတူခဲ့သည့် ယခင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကို တရားဝင်ဖြစ်စေရန် ဖြစ်သည်။
နယ်စပ်တိုက်ပွဲများ ဖြစ်ပွားပြီးချိန်မှစ၍ နယ်စပ်နှစ်ဖက်စလုံးတွင် လူဦးရေ ၃၀၀,၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရသည်။
