ဟားခါးတွင် အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သား စစ်ကော်မရှင်ကို ပြန်တိုက်မည်ဟုဆို

ဓာတ်ပုံ - Senthang Revolution Force
ပုံစာ - အလင်းဝင်ရောက်လာသည့် စစ်မှုထမ်းတပ်သားသစ်

ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်တွင် အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားသည် တော်လှန်ရေးရဲဘော်အဖြစ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းသည် နေအိမ်အတွင်းရှိ‌နေစဉ် စစ်တပ်၏ အဓမ္မ ပေါ်တာဆွဲခြင်းခံခဲ့ရသူဖြစ်ပြီး ဟားခါးမြို့ အခြေစိုက် ခလရ ၂၆၆ တပ်၌ တာဝန်ကျနေစဉ် အောက်တိုဘာ ၂၇ ရက်တွင် Senthang Revolution Force သို့ လက်နက်နှင့်တကွ အလင်းဝင်လာခြင်းဖြစ်ကြောင်း Senthang Revolution Forceထံက သိရသည်။

“သူက စစ်မှုထမ်းသစ်ဖြစ်ပါတယ်။အိမ်မှာနေတဲ့အချိန် အတင်းအဓမ္မနဲ့ ပေါ်တာဆွဲခံရပါတယ်ဗျ။ပေါ်တာဆွဲခံရတဲ့မြို့ကျတော့ သူ့လုံခြုံရေးအတွက်ကြောင့် နားလည်ပေးပါခင်ဗျ။သူက တော်လှန်ရေးမှာ ဆက်လက်ပါဝင်သွားမယ်လို့ပြောပါတယ်ဗျ”ဟု Senthang Revolution Force မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းစစ်မှုထမ်းတပ်သားသည် MA 1 သေနတ် တစ်လက် ၊ ကျည်ဘောက် သုံးခုနှင့် ကျည်ဆန် အနည်းငယ်ယူဆောင်ကာ အလင်းဝင်လာခဲ့ခြင်းဖြစ်ပြီး စစ်တပ်ထဲမှ ထွက်ပြေးလွတ်မြောက် လာပုံကိုလည်း လုံခြုံရေးအရ Senthang Revolution Force တာဝန်ရှိသူက ထုတ်ဖော်ပြောကြား ခြင်းမရှိပေ။

“မြန်မာငွေ သိန်း ၃၀ နှင့် သူ့အတွက် လိုအပ်တဲ့ ပစ္စည်းများကိုလည်း လက်ဆောင်အနေနဲ့ ချီးမြင့်နေပါတယ် ဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။

အလင်းဝင်စစ်မှုထမ်းတပ်သားသည် ဟုမ္မလင်းအခြေစိုက် ခလရ ၂၂၂ တပ်ရင်းတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ရသေးကြောင်း သိရသည်။