လူငယ် CDM နဲ့ မျှော်တိုင်းဝေး ပညာရေး

ဓာတ်ပုံ-အညာအင်စတီကျု့

ရန်ကုန်ပညာရေးတက္ကသိုလ်မှာ စတုတ္ထနှစ်အထိပညာသင်ကြားခဲ့တဲ့ အသက် ၂၅ အရွယ် လူငယ်တစ် ယောက်ရှိပါတယ်။ သူ့ရဲ့အမည်က ကိုဘွန်းတဲ့။ စစ်တပ်က နိုင်ငံတော်အာဏာကိုသာ မသိမ်းခဲ့ရင် ကို ဘွန်းဟာ အထက်တန်းပြ ကျောင်းဆရာဦးဘွန်းဖြစ်နေလောက်ပါပြီ။

အခုတော့ သူဟာ ကျောင်းဆရာတစ်ယောက်ဖြစ်မလာတော့ပါဘူး။ ဘာလို့လဲဆိုတော့ ကိုဘွန်းက စစ်ကောင်စီရဲ့ ပညာရေးစနစ်ကို ဆန့်ကျင်တဲ့ CDM ကျောင်းသားတစ်ယောက်ဖြစ်နေလို့ပါ။ မြန်မာနိုင်ငံမှာ ကိုဘွန်းလိုပဲ CDM ပြုလုပ်နေကြတဲ့ ကျောင်းသား ၊ ကျောင်းသူ အရေအတွက် အများကြီးရှိပါတယ်။

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်မှာ ကျောင်းသား ၊ ကျောင်းသူ ၁၃ သိန်းလောက် ကျောင်းတက်ဖို့ပျက်ကွက်ခဲ့တယ်လို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။ ဒါဟာ တစ်နည်းဖြင့်ပြော ရမယ်ဆိုရင် CDM ကျောင်းသား ၊ ကျောင်းသူအရေအတွက်ပါပဲ။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီရဲ့ ပညာရေးစနစ်ကို CDM ပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ CDM ပြုလုပ်လာတဲ့ ကျောင်းသား ၊ ကျောင်းသူ ၊ လူငယ် ၊ လူရွယ် တွေရဲ့ ပညာရေးအနာဂတ်ကိုတော့ NUG အစိုးရ အပြည့်အဝတာဝန်မယူပေးနိုင်ခဲ့ပါဘူး။

ဆက်သွယ်မေးမြန်းဖြစ်ခဲ့တဲ့ CDM တက္ကသိုလ် ကျောင်းသား ၊ ကျောင်းသူ ၈ ဦးမှာ ၂ ဦး ဟာ ၎င်းတို့ရဲ့အစီအစဉ်နဲ့ နိုင်ငံခြားမှာ တက္ကသိုလ်ဆက်လက်တက်ရောက်နေသူတွေ ဖြစ်ပြီးတော့ ကျန်ရှိတဲ့ ၆ ဦးကတော့ ပညာရေးအနာဂတ် ရပ်တန့်နေကြသူတွေပါ။

ပြီးတော့ သူတို့တွေဟာ NUG အစိုးရရဲ့ ပညာရေးစနစ်ကိုလည်း ယုံကြည်လက်ခံထားသူတွေမဟုတ်ကြ ပါဘူး။ ကိုဘွန်းဟာ စစ်ကောင်စီလက်အောက် မှာ ပဉ္စမနှစ်အထိ ပညာရေးတက္ကသိုလ်ကို တက်ရောက်ခဲ့မယ်ဆိုရင် B.ED (Bachelor of Education) ဘွဲ့ရရှိပြီးတော့ အထက်တန်းပြကျောင်း ဆရာတစ်ယောက် ဖြစ်လို့နေပါပြီ။

အခုအချိန်အခါမှာလည်း သူဟာ NUG အစိုးရရဲ့ ကြားကာလပညာရေးအစီအစဉ်ကို ချိတ်ဆက်ပြီးတော့ B.ED ဘွဲ့ကို ရယူနိုင်ပါသေးတယ်။ ဒါပေမဲ့လည်း ကိုဘွန်းကတော့ “ကျတော်က qualified (အရည် အချင်းမီ) ဖြစ်ချင်တာ။ NUG ဆီကရလာတဲ့ ဘွဲ့ကလည်း qualified ဖြစ်မှာမဟုတ်ဘူး” လို့ ပြောဆိုခဲ့ပါ တယ်။

ထိုင်းနိုင်ငံ Thammasat တက္ကသိုလ်မှာ ဥပဒေပညာမဟာဘွဲ့တန်းတက်ရောက်နေတဲ့ မလီလီကလည်း NUG အစိုးရရဲ့ ပညာရေးအစီအစဉ်ကို မယုံကြည် ဘူးလို့ ပြောဆိုခဲ့ပါတယ်။ သူမဟာရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှာ ဥပဒေပညာမဟာတန်း ပထမနှစ်တက်ရောက်နေရင်းနဲ့ CDM ပြုလုပ်ခဲ့တဲ့ ကျောင်းသူ တစ်ယောက်ပါ။

“ပညာရေးစနစ်ကို လည်ပတ်နိုင်လောက်တဲ့အထိ ယုံကြည်ရသေးတဲ့အစိုးရမဟုတ်သေးဘူး။ ခိုင်မာတဲ့ ပညာရေးစနစ်တစ်ခုကို မပေးနိုင်သေးတာ မြင်တွေ့ရတယ်” လို့ မလီလီက NUG ရဲ့ ကြားကာလပညာ ရေးနဲ့ပတ်သက်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

NUG အစိုးရကတော့ ၎င်းတို့အသိအမှတ်ပြုထားတဲ့ အခြေခံပညာ အွန်လိုင်းကျောင်း ၇၅ ကျောင်းရှိပြီးတော့ တက်ရောက်ခွင့်လက်ခံနေတဲ့ တက္ကသိုလ် ၁၄ ခုရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ တက္ကသိုလ်တွေ ထဲမှာဆိုရင် ဆေးပညာလိုမျိုး တက္ကသိုလ်တွေတောင် ဖွင့်လှစ်ထားတွေ့ရပါတယ်။

ဒီအွန်လိုင်းစာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေက ထုတ်ပေးနေတဲ့ အောင်လက်မှတ်တွေ ၊ ဘွဲ့လက မှတ်တွေကိုအသိအမှတ်ပြုပေးနေတဲ့ လုပ်ငန်းခွင်တွေ ၊ နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ပတ်သက်လို့ NUG အစိုးရ ပညာရေးဝန်ကြီးဌာနထံဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုခဲ့ ခြင်းမရှိခဲ့ပါဘူး။

CDM ကျောင်းသား ၊ ကျောင်းသူတွေရဲ့ အဆိုအရ NUG ကထုတ်ပေးနေတဲ့ လက်မှတ်တွေဟာ လက်တွေ့မှာ အသုံးမဝင်သေးဘူးလို့သိရပါတယ်။ ဒါကြောင့်လည်း General Educational Development (GED) လိုမျိုး နိုင်ငံတကာတက္ကသိုလ်တွေအသိအမှတ်ပြုတဲ့ စာမေးပွဲတွေကို လူငယ်တွေက ဝင်ရောက် ဖြေဆိုနေကြရတာပါ။

ထိုင်းနိုင်ငံ မဲဆောက်မြို့ကိုရောက်ရှိနေတဲ့ အသက် ၂၀ အရွယ် ကိုဇူဇီက သူ့အနေနဲ့ GED စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ ပြင်ဆင်နေတယ်လို့ဆိုပါတယ်။ သူဟာ မြန်မာနိုင်ငံမှာအခြေခံပညာအထက်တန်း အောင်မြင်ပြီးတဲ့နောက် တက္ကသိုလ်ကိုဆက်လက်မတက်ရောက်ဘဲ CDM ပြုလုပ်ခဲ့သူပါ။

ကိုဇူဇီရဲ့ ရည်ရွယ်ချက်ကတော့ GED အောင်လက် မှတ်ရပြီးရင် တက္ကသိုလ်တစ်ခုခုမှာ စီးပွားရေးဆိုင်ရာ ဘာသာရပ်ကို တက်ရောက်ချင်တာပါ။ ဒါပေမဲ့လည်း တက္ကသိုလ်ဆက်လက်တက်ရောက်ဖြစ်မယ် မ တက်ရောက်ဖြစ်ဘူးဆိုတာတော့ သေချာမပြောနိုင်သေးဘူးလို့ သူကဆိုပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား လူငယ်တွေထဲမှာ GED အောင်လက်မှတ်ကိုင်ဆောင်ထားကြသူတွေ အများကြီးရှိပေမယ့်လည်း သူတို့တွေဟာ အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ကိုတော့ ဆက်လက် တက်ရောက်နိုင်ခြင်းမရှိကြဘူးလို့ ကိုဇူဇီက ပြောပါတယ်။

အခြေခံပညာရေးမှာဆိုရင်တော့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ကလေးငယ်တွေဟာ ရွှေ့ပြောင်း ကျောင်းတွေမှာ အများဆုံးတက်ရောက်ကြတာပါ။ သူတို့တွေဟာ NUG ရဲ့ ပညာရေးကို မတက်ရောက်ဘဲ ရွှေ့ပြောင်းကျောင်းတွေ တက်ရတဲ့အကြောင်းအရင်းကတော့ မြေပြင်မှာ လက်တွေ့ဆန်တဲ့ပညာရေး စနစ်ကို ရရှိတာကြောင့်ပဲဖြစ်ပါတယ်။

NUG ကြားကာလပညာရေးကျောင်းတွေနဲ့ ရွှေ့ပြောင်းကျောင်းတွေရဲ့ အဓိက ကွာခြားချက်ကတော့ သင်ရိုးညွှန်းတမ်းတွေအပါအဝင် တရားဝင် ကျောင်းပြောင်းခြင်း၊ ကျောင်းအပ်လက်ခံခြင်းတွေဖြစ်တယ်လို့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောပါ တယ်။

“ရွေ့ပြောင်းကျောင်းအများစုက မြန်မာသင်ရိုးသင်တယ် ထိုင်းသင်ရိုးသင်တယ်။ ထိုင်းအစိုးကျောင်းတွေ နဲ့ချိတ်ဆက်သင်ကြားသလို မြန်မာပြည်ကိုပြန်ချင်တဲ့ ကျောင်းသားတွေရှိရင်လည်း မြန်မာပြည်မှာ ကျောင်းပြန်တက်လို့ရအောင် ကျောင်းပြောင်းလက်မှတ် ထုတ်ပေးတာတွေရှိတယ်။ ကျတော်တို့ကတော့ နိုင်ငံရေးကြောင့် ကလေးတွေ ပညာရေး မထိခိုက်စေချင်ဘူး” လို့ သူက ဆက်ပြောပါတယ်။

စစ်အာဏာရှင်ရဲ့ ပညာရေးစနစ်ကို CDM ပြုလုပ်ပြီးစာသင်ခန်းတွေကို ကျောခိုင်းခဲ့ကြတဲ့ လူငယ်တွေ ဆီမှာ မတူညီတဲ့ ခံယူချက်တွေ မတူညီတဲ့ ရည်မှန်း ချက်တွေရှိပါတယ်။ သူတို့တွေရဲ့ ခံယူချက်တွေ ၊ ရည်မှန်းချက်တွေကိုတော်လှန်ရေးအစိုးရဖြစ်တဲ့ NUG အနေနဲ့က အပြည့်အဝဖြည့်ဆည်းမပေးနိုင်သေးတာကတော့ သေချာနေပါတယ်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကနေ CDM ပြုလုပ်ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကိုရောက်ရှိနေတဲ့ မသူသူဟာ တရားသူကြီးတစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ ဒါပေမဲ့လည်း သူ့အနေနဲ့ လက်ရှိအချိန်မှာ ပညာရေး လမ်းကြောင်းကို ဆက်လက်လျောက်လှမ်းခြင်းမရှိတော့ပါဘူး။

“တော်လှန်ရေးမှာ ဘဝတစ်ခုလုံးပေးဆပ်ထားရသူတွေကိုအားနာလို့ ကျောင်းဆက်မတက်ဖြစ်ခဲ့တာ လည်းပါတယ်” လို့ မသူသူက ပြောပါတယ်။ ပြီးတော့ NUG အစိုးရရဲ့ ပညာရေးစနစ်ရဲ့ အသုံးဝင်မှုအပိုင်း ကိုလည်း သူမအနေနဲ့ သံသယရှိနေတယ်လို့ ဆက်ပြောပါတယ်။

ပညာရေးတက္ကသိုလ်ကို ဆက်မတက်ဘဲ ဂျနယ်လစ်ဇင်ဒီပလိုမာကို ဆက်လက်တက်ရောက်ခဲ့တဲ့ ကိုဘွန်းကတော့ စစ်ရေးကိုအသားပေးနေရတဲ့ NUG အနေနဲ့ ပညာရေးကိုအသားမပေးနိုင်တာကြောင့် ကြားကာလပညာရေးစနစ်ဟာ ထိရောက်မှုအားနည်းနေရတယ်လို့ ပြောပါတယ်။

Thammasat တက္ကသိုလ်မှာ ဥပဒေပညာမဟာဘွဲ့တန်းတက်ရောက်နေတဲ့ မလီလီကတော့ CDM ပြုလုပ်ခဲ့ကြတဲ့လူငယ်တွေ စစ်ကောင်စီလက်အောက်မှာ ကျောင်းပြန်တက်မယ်ဆိုရင်တောင် အပြစ်မမြင်ဘူးလို့ ပြောလာပါတယ်။

“CDM ပြုလုပ်နေသူတွေကို ချီးကျူးပါတယ်။ လေးစားပါတယ်။ သတိချပ်စေချင်တာက လူငယ်တွေက အသက်တဖြည်းဖြည်းကြီးလာတယ်။ ဒီတိုင်းထိုင်ပြီး အချိန်ကုန်သွားမှာကိုတော့ မဖြစ်စေချင်ဘူး” လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပညာရေးစနစ်ကော NUG ရဲ့ ပညာရေးစနစ်ကော နှစ်မျိုးလုံးကိုမရွေးချယ်ဘဲနဲ့ ပြည်ပ ကိုထွက်ခွာပြီးနိုင်ငံတကာပညာရေးကို တက်လှမ်းနိုင်ရင်တော့ ပိုမိုကောင်းမွန်တယ်လို့ မလီလီက CDM ကျောင်းသား ၊ ကျောင်းသူတွေကိုအကြံပြုခဲ့ပါတယ်။

သူမကိုယ်တိုင်လည်း လက်ရှိအချိန်မှာ Thammasat ရဲ့ စကောလားရှစ်ကိုဖြေဆိုပြီး ကျောင်းဆက်တက် နေတာပါ။ ထောက်ပံ့ကြေးရရှိနေတဲ့ ကျောင်းသူတစ်ယောက်ဆိုပေမယ့်လည်း ပြည်ပနိုင်ငံမှာ နေထိုင် စားသောက်စားရိတ်မြင့်မားတာကြောင့် အချိန်ပိုင်းအလုပ်ကို ကျောင်းတစ်ဖက်နဲ့ လုပ်ကိုင်နေရသူပါ။

CDM ကျောင်းသား ကျောင်းသူတွေထဲမှာ မလီလီမျိုး ပညာရေးလမ်းကြောင်းကို ဆက်လက်လျောက် လှမ်းနိုင်သူတွေကတော့ အရေအတွက်အနည်းငယ်သာရှိပါတယ်။ အများစုကတော့ တော်လှန်ရေးကို သာအာရုံစိုက်ပြီး ပညာရေးလမ်း ကြောင်းကို ရပ်တန့်ထားသူတွေပဲဖြစ်ပါတယ်။

NUG အစိုးရရဲ့ ကြားကလပညာရေးကလည်း အားထားရတဲ့အနေအထားကို မရောက်ရှိသေးတာ ကြောင့် နိုင်ငံတကာပညာရေးကို လက်လှမ်းမမီတဲ့ CDM ကျောင်းသား ကျောင်းသူတွေဟာ ပညာရေး ကို မရပ်တန့်ချင်ဘဲ ရပ်တန့်နေကြရတာမျိုးပါ။

ဒါပေမယ့် NUG ရဲ့  ပညာရေးရည်မှန်းချက်မှာတော့ “ပညာရည်မြင့်မားသော နိုင်ငံသားများနှင့် ဒေသ တွင်းနှင့်နိုင်ငံတကာတို့တွင် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသော လုပ်သားအင်အားများပေါ်ထွန်းလာစေရန်” လို့ ရေးသားဖော်ပြထားပါတယ်။

ရည်မှန်းချက်အတိုင်း လုပ်ကိုင်နိုင်စွမ်းရှိမရှိကိုတော့ အကောင်အထည်ဖော်ဆောင်နိုင်တဲ့ ရလဒ်တွေနဲ့ပဲ တိုင်းတာရမှာဖြစ်တယ်လို့ မလီလီကဆိုပါတယ်။ “ရလဒ်နဲ့ပဲတိုင်းတာချင်တယ်။ ရလဒ်ထွက်လာမှ ဘယ်လိုမျိုးအစိုးရလဲဆိုတာသိရမှာပါ” လို့ သူကပြောလိုက်ပါတယ်။