နိုင်ငံပိုင်မြေ အကွက်ရိုက်ရောင်းနေသော သန်လျင်အုပ်ကြီးကို ငွေညှစ်ရန် စစ်တပ် ဖမ်းဆီး

ဓာတ်ပုံ- Thanlyin Media
ပုံစာ-ဗိုလ်ချုပ်ကျေးရွာအုပ်ကြီး ဇင်ဝင်းထိုက်

နိုင်ငံတော်မြေများကို အကွက်ရိုက်ရောင်းချနေသော သန်လျင်မြို့၊ဗိုလ်ချုပ်ကျေးရွာအုပ်ချုပ်ရေးမှူး ကို ငွေညှစ်ရန် စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊သန်လျင်မြို့၊ဗိုလ်ချုပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဇင်ဝင်းထိုက်ကို စရဖ(စစ် ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့)က အောက်တိုဘာ၃၀ရက်တွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Thanlyin Mediaက အောက်တိုဘာ၃၁ရက်၌ သတင်း ထုတ်ပြန်သည်။

“သန်လျင်မှာ နိုင်ငံတော်ပိုင် ပလပ်မြေတွေ ကျူးကျော်မြေတွေကို အကွက်ရိုက် ပေါ်တင် ရောင်းဝယ်နေတာ စစ်တပ်က ရာထူးကြီးပိုင်းတွေထိ ပါဝင်နေတာပါ”ဟု Thanlyin Mediaမှ တာဝန် ရှိသူတစ်ဦးက MPAသို့ပြောသည်။

ဇင်ဝင်းထိုက်သည် ဗိုလ်ချုပ်ကျေးရွာအတွင်း အိမ်ခြံမြေပွဲစားများနှင့်ပေါင်းပြီး နိုင်ငံတော်ပိုင်မြေများ ကို အကွက်ရိုက်ရောင်းချခြင်းအပြင် စစ်မှုထမ်းအကျုံးဝင်အမျိုးသားရှိသည့် အိမ်များကို လစဉ် ကျပ်တစ်သိန်းခွဲနှင့် စစ်မှုထမ်းအသက်မရွယ်မရှိသောအိမ်များအား လစဉ် စစ်မှုထမ်းထောက်ပံ့ကြေး အဖြစ် ကျပ်၂သောင်း ကောက်ခံနေသူဖြစ်ကြောင်း သိရသည်။

“သူနဲ့အတူပူးပေါင်းပြီး လုပ်ခဲ့တဲ့ အိမ်ခြံမြေပွဲစားတွေကတော့ ငွေနဲ့လိုက်နေတယ် သိရပါတယ်။ သူတို့ပါ အမှုမပတ်အောင်”ဟု ၎င်းက ဆက်လက်ပြောသည်။

ဇင်ဝင်းထိုက်သည် နိုင်ငံတော်ပိုင်ပလပ်မြေများကို တစ်ကွက်လျှင် ကျပ်သိန်းထောင်ကျော်ဖြင့် ခန့်မှန်း အကွက်၈၀ထက်မနည်း ရောင်းချပြီးပြီဟု သိရသည်။

“မြေပြင်မှာ ဒီထက်ပိုများဖို့ပဲရှိမယ်။ လက်ရှိလည်း ဗိုလ်ချုပ်ကျေးရွာ ထဲမှာ အကွက်ဖော်လက်စတွေ အများကြီးတွေရှိရတယ်”ဟု ၎င်းက ဆိုသည်။
၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ ဗိုလ်ချုပ်ကျေးရွာသည် သန်လျင် မြို့နယ်အတွင်း အိမ်ထောင်စု ၅၀၀၀ နီးပါးရှိသည့် ကျေးရွာဖြစ်သော်လည်း မြို့မတောင်ရပ်ကွက်နှင့် ကပ်လျက် မြို့အတွင်းပိုင်း၌ တည်ရှိကြောင်း သန်လျင်ဇာတိခံ အိမ်ထောင်ရှင်မတစ်ဦးက ပြောသည်။

“သူကကျေးရွာဆိုပေမဲ့ အတော်ကျယ်ပြီး မြို့အတွင်းပိုင်းမှာ ရှိတဲ့အနေအထား။ပြီးတော့ လူစုံတယ်။ လူပေါင်စုံတယ်။စရိုက်ပေါင်းစုံတယ်။အေးအေးချမ်းချမ်းရပ်ကွက်တွေလိုတော့ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

ယခုနှစ်အတွင်း သန်လျင်မြို့အုပ်ချုပ်ရေးမှူး၆ဦးကို စစ်တပ်က ဖမ်းဆီးခဲ့သော်လည်း ငွေကြေးရယူ ကာ ပြန်လွှတ်ပေးသည့်အပြင် အုပ်ချုပ်ရေးမှူးလည်း ပြန်ခန့်ကြောင်း သိရသည်။

“အကုန်လုံးကို ဘယ်သူ့ကိုမှ ဥပဒေအရ အရေးယူတယ်ဆိုတာမရှိပါဘူး။ အကုန်လုံးကို ဟန်ပြဖမ်းဆီးပြီး ငွေကြေး သိန်းရာချီလာဘ်ယူပြီး ပြန်လွှတ်ပေးတာပါ”ဟု Thanlyin Media တာဝန်ရှိ သူက ဆိုသည်။

သန်လျင်မြို့အိမ်ခြံမြေဈေးမှာ အလွန်ကောင်းပြီး အိမ်ခြံမြေပွဲစားတို့၏နောက်မှာ စစ်တပ်အရာရှိ ကြီး များက ငွေကြေးနှင့် အာဏာ ကျောထောက်နောက်ခံ ပေးထားကြောင်း သိရသည်။