စစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှု ကုလသမဂ္ဂ အခိုင်အမာသိပြီး လျစ်လျူရှု

ပုံစာ- အောက်တိုဘာ၃၁ရက်အစည်းအဝေးတွင် မိန့်ခွန်းပြောနေသော သံအမတ်ကြီး
ဓာတ်ပုံ-ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့

စစ်အုပ်စုက မြန်မာပြည်သူများအပေါ် စည်းလွတ်ဘောင်လွတ် အကြမ်းဖက်သတ်ဖြတ်နေမှုကို ကုလ သမဂ္ဂက အခိုင်အမာသိရှိထားသော်လည်း လျစ်လျူရှုထားဆဲဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားလိုက်သည်။

အောက်တိုဘာ၃၁ရက်၊ကုလသမဂ္ဂတွင် ကျင်းပသည့် လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာအပေါ် အထွေထွေဆွေးနွေးမှု၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော် မိုး ထွန်းက မိန့်ခွန်းပြောကြားစဉ် မြန်မာ့အရေးသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းတို့ ၏ အမြဲတစေအလေးထားစဉ်း စားမှုနှင့် အချိန်မီထိရောက်သော အရေးယူဆောင်ရွက်မှုများ လိုအပ်ကြောင်းနှင့် စကားလုံးနှင့် မိန့်ခွန်းများမှ ကျော်လွန်၍ ခိုင်မာသည့် လုပ်ဆောင်ချက်များကို အလျင်အမြန် အကောင်အထည်ဖော်သင့်ပြီဖြစ်ကြောင်း ပြောသည်။

“မြန်မာပြည်သူတွေက ကုလသမဂ္ဂလမ်းကြောင်းကနေ ထိရောက်တဲ့အရေးယူမှုတွေ ရောက်လာဖို့ လုံးလုံးကို မမျှော်လင့်တော့ပါဘူး။ဒါပေမဲ့၊ စစ်ဘေးသင့်ပြည်သူတွေလက်ထဲ အမှန် တကယ်ရောက်ရှိ မယ့်လမ်းကြောင်းတွေကနေ စာနာမှုအကူအညီတွေ ရောက်အောင်တော့ လုပ်ပေးသင့်ပြီ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။

စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများမြောက် သော ကြောက်မက်ဖွယ်ရာ ကျူးလွန်မှုများမှာ အပြောသက်သက်မျှသာ မဟုတ်ဘဲ မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားက စုဆောင်းထားသည့် ယုံကြည်စိတ်ချရသော သက်သေအထောက်အထားများနှင့်တကွ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် ကုလသမဂ္ဂ၏ အခြားသော တာဝန်ရှိသူများက ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များဖြင့်ပါ ခိုင်လုံစွာ အတည်ပြုထားနိုင် ကြောင်း လည်း သံအမတ် ကြီးက ဆိုသည်။

နိုင်ငံတကာအသိုက်အဝန်းတစ်ရပ်လုံး၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်သူများ ခံစားနေရသည့် ဒုက္ခဆင်းရဲကို အလေးထားစောင့်ကြည့်ကာ အဆိုပါဒုက္ခများ ချုပ်ငြိမ်းစေရေးအ တွက် ထိရောက်သည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ပေးရန် တာဝန်ရှိနေပြီ ဖြစ်ကြောင်းလည်း သံအမတ်ကြီးက ပြောသည်။

ဆက်လက်ပြီး သံအမတ်ကြီးက စစ်အုပ်စုသည် မြန်မာ့အရေးအာဆီယံယန္တရားများကို ပြောင်ပြောင် တင်း တင်း မျက်ကွယ်ပြုထားပြီး ကြားဝင်စွက်ဖက်ခြင်းမပြုရေးမူကို အလွဲသုံးစား အသုံးချလျက် မြန်မာပြည်သူများအပေါ် စစ်မက် ပြုနေကြောင်းလည်း ဆိုသည်။

ထို့အပြင် နိုင်ငံတကာအနေဖြင့် စစ်အုပ်စု၏ အတုအယောင်၊ အလိမ်အညာရွေးကောက်ပွဲကို ပြင်းပြင်း ထန်ထန် ကန့်ကွက်ရမည်ဖြစ်ကြောင်းလည်း ဆိုသည်။