ကရင်နီပြည်နယ်အတွင်းရှိ ဖရူဆို-ထားလဲ- နန်းဖဲ- ဘောလခဲ လမ်းမကြီးကို ဦးတည်ပြီး စစ်မကော်မရှင်က အင်အားအလုံးအရင်းဖြစ် ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲငယ်များ ဖြစ်ပွားနေပြီး ပြည်သူများ လုံး၀သွားလာခြင်းမပြုရန် KNDFက အရေးပေါ် သတိပေးချက်ထုတ်ပြန်ထားသည်။
အဆိုပါ သတိပေးချက်ကို ယနေ့(နိုဝင်ဘာ ၅ရက်)၊ ည ခုနှစ်နာရီတွင် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက အရေးပေါ် အခြေအနေဖြစ် ထုတ်ပြန်ခဲ့ပြီး ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
“အခုကျတော်တို့ ပိတ်ထားတဲ့လမ်းတွေက အရမ်းနီးနေပြီ၊ ဒီစစ်ကြောင်းတွေနဲ့ နီးနေတဲ့အခါမှာ လူထုတွေလဲ အချိန်မရွေး အန္တရာယ်ရှိနိုင်တယ်။ ကျတော်တို့အနေနဲ့ ဒီစစ်ကြောင်းတွေကို တိုက်ခိုက်နိုင်ဖို့အတွက် ပိုပြီးတော့မှ လုံးပန်းနေရတာဖြစ်တဲ့အတွက် အထက်မှာ လုံခြုံရေးအပိုင်းကို တကူးတကကြီးလဲမလုပ်နိုင်ဘူး။ အဲ့ဒီအတွက်ကျတော်တို့က အဲ့ဒီလမ်းတွေကို လုံး၀အသုံးမပြုဖို့ ထုတ်ပြန်ထားတာပါ” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၃ရက်မှ စတင်ကာ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာဘက်မှ ထားလဲရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့သည့်အတွက် KNDF အပါအဝင် ကရင်နီ အခြေစိုက် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
“စစ်ကော်မရှင်စစ်ကြောင်းက လမ်းမကြီးဆီ ဦးတည်ပြီးလာတဲ့ သဘောပေါ့၊ တော်တော်လဲ နီးနေပြီ၊ တိုက်ပွဲငယ်တွေ ဆက်တိုက်ဖြစ်နေတာလဲ နှစ်ရက်ရှိပြီ၊ အခုက စစ်ရေးအခြေအနေတော်တော်ဆိုးလာလို့ လမ်းပိတ်တာပါ၊ စစ်တပ်ပြန်ဆုတ်ရင် ဆုတ် မဟုတ်ရင် တိုက်ပွဲတွေပြီးမှ ဒီလမ်းပိုင်းကို ပြန်ဖွင့်ရမှာပါ ” ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ကော်မရှင် ထိုးစစ်ဆင်လာသည့် အထက်ပါလမ်းပိုင်းသည် ပြည်သူများ နေ့စဉ် အသုံးပြုနေသည့် လမ်းမကြီးတစ်ခုဖြစ်ပြီး လက်ရှိ အခြေအနေများကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုမရှိစေရန် သတင်းထုတ်ပြန်ချက်များကို စောင့်ကြည့်ရန် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။
“အဲ့ဒီလမ်းကို အားထားပြီး ကုန်သွယ်ရေး၊ ကျန်းမာရေး အပိုင်းတွေမှာ အသုံးပြုနေကြတာ၊ အဓိပေးချင်တဲ့ သတင်းစကားကတော့ ကျတော်တို့ ထုတ်ပြန်ချက်တွေကို အလေးအနက်ထားပေးကြပါ၊ သေချာလေး လိုက်နာပေးကြပါ၊ မသွားလာဖို့ ထုတ်ပြန်ချက်ထုတ်ထားတဲ့အပေါ် ဒီထုတ်ပြန်ချက်ကို လိုက်နာပေးကြပါ၊ စစ်ကော်မရှင်က အရမ်းကိုနီးကပ်နေပြီ ကျတော်တို့ ဒီစစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်နေတာတွေလဲရှိတယ်။ ဒီလမ်းပိုင်းတွေက သွားလာဖို့ အဆင်မပြေတော့ဘူး အန္တရာယ်ရှိတယ်” ဟု ၎င်းက ပြောသည်။
စစ်ကော်မရှင်သည် စစ်မှုထမ်းတပ်သား သစ်များခေါ်ယူထားမှုမှာ အပတ်စဉ် ၁၈ထိရှိနေပြီး ယင်းအင်အားများဖြင့် ၎င်းတို့ ဆုံးရှုံးခဲ့သည့် နယ်မြေများ ပြန်လည်သိမ်းပိုက်နိုင်ရန် လူသားတံတိုင်းလုပ်ပြီး ထိုးစစ်ဆင်မှုများကို နိုင်ငံအနှံ့ပြုလုပ်လျက်ရှိနေသည်။
ထိုကဲ့သို့ စစ်ကော်မရှင်၏ လူသားတံတိုင်းပြုလုပ်ခံနေရသည့် စစ်မှုထမ်းတပ်သားသစ်များအနေဖြင့် မိမိတို့အသက်ကို နှမျောပါက လက်နက်ချ အလင်းဝင်းရန် တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
