အမေရိကန်နှင့် တောင်ကိုရီးယား လုံခြုံရေးဆွေးနွေးပွဲကို မြောက်ကိုရီးယားက ရှုတ်ချပြီး ထိုးစစ်ဆင်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်

ဓာတ်ပုံ - AP
ပုံစာ - ၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် မြောက်ကိုရီးယားနိုင်ငံရှိ မဖော်ပြထားသော နေရာတစ်ခု မှ Hwasong-17 တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) ကို စမ်းသပ်ပစ်လွှတ်နေစဉ်

အမေရိကန်နှင့် တောင်ကိုရီးယားတို့အကြား လုံခြုံရေးကိစ္စဆွေးနွေးမှုများနှင့် အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စင်း တောင်ကိုရီးယားသို့ ရောက်ရှိလာခြင်းတို့အပေါ် မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး နိုကွမ်ချိုလ်က ရှုတ်ချလိုက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု ယနေ့နိုဝင်ဘာ ၈ ရက်နေ့တွင် ခြိမ်းခြောက်လိုက်သည်။

ဆိုက်ဘာနှင့်ဆက်စပ်သော ငွေကြေးခဝါချမှုများတွင်ပါဝင်သည်ဟုဆိုကာ အမေရိကန်က မြောက်ကိုရီးယားနိုင်ငံသားများနှင့် အဖွဲ့အစည်းများအပေါ် ဒဏ်ခတ်အရေးယူမှုအသစ်များကို နိုဝင်ဘာ ၆ ရက်တွင် ချမှတ်ခဲ့သည့်အပေါ် မြောက်ကိုရီးယားက ပြစ်တင်ရှုတ်ချပြီးနောက် ၎င်း၏ အရှေ့ဘက် ကမ်းရိုးတန်းရှိ ပင်လယ်ပြင်သို့ နိုဝင်ဘာ ၇ ရက်က ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့သည်။

အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုကို တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၈ ရက်တွင် ရှုတ်ချခဲ့သည်။

ဝန်ကြီး နိုကွမ်ချိုလ်က မကြာသေးမီက အမေရိကန်နှင့် တောင်ကိုရီးယား ကာကွယ်ရေးဦးစီးချုပ်များ၏ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နယ်စပ်သို့ သွားရောက်ခဲ့မှုအပြင် ဆိုးလ်မြို့၌ ပြုလုပ်ခဲ့သည့် လုံခြုံရေးဆွေးနွေးပွဲများကို ဝေဖန်ခဲ့ရာတွင် ယင်းလုပ်ရပ်များသည် မြောက်ကိုရီးယားအပေါ် ဟန့်တားကာကွယ်ရေး ကြိုးပမ်းအားထုတ်မှုများကို တိုးမြှင့်ရန်နှင့် ၎င်းတို့၏ နျူကလီးယားနှင့် သမားရိုးကျလက်နက်ကိုင်တပ်ဖွဲ့များကို ပေါင်းစည်းရန် ပူးပေါင်းကြံစည်နေကြသည်ဟုလည်း စွပ်စွဲခဲ့သည်။

ဝန်ကြီးနိုကွမ်ချိုလ်က “ဒါဟာ DPRK ကို ဆန့်ကျင်ဖို့ သူတို့ရဲ့ ရန်လိုတဲ့သဘောကို ထင်ရှားစွာ ဖော်ပြခြင်းနဲ့ ဖုံးကွယ်မထားဘဲ တမင်သက်သက် ထုတ်ဖော်လိုက်ခြင်းပဲ” ဟု ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝနကြီး ပိထ်ဟက်ဂျ်ဆက်သ်က တောင်ကိုရီးဘားနှင့် မဟာမိတ်ဖွဲ့ခြင်း၏ အဓိကအချက်မှာ မြောက်ကိုရီးယားကို ဟန့်တားကာကွယ်ခြင်းဖြစ်သော်လည်း အမေရိကန်အစိုးရအနေဖြင့် တောင်ကိုရီးယားတွင် တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲ့များအား ဒေသတွင်း ခြိမ်းခြောက်မှုများအတွက် လိုက်လျောညီထွေစွာ စစ်ဆင်နိုင်ရေးကိုလည်း စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲလေကြောင်းလေ့ကျင့်မှုများပြီးနောက် အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော George Washington သည် ယခုသီတင်းပတ်အတွင်း တောင်ကိုရီးယား၏ အရှေ့တောင်ဘက် ဆိပ်ကမ်းမြို့ ဘူဆန်သို့ လာရောက်ခြင်းသည် တင်းမာမှုများကို မြှင့်တင်ပေးလိုက်ကြောင်း ဝန်ကြီးနိုကွမ်ချိုလ်က ပြောဆိုခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ လုံခြုံရေးကို အာမခံဖို့နဲ့ ခိုင်မာတဲ့ အင်အားရှိရှိ ငြိမ်းချမ်းရေးကို ကာကွယ်ဖို့ မူအရ ရန်သူတွေရဲ့ ခြိမ်းခြောက်မှုအပေါ် ပိုမို၍ ထိုးစစ်ဆင်တဲ့ လုပ်ရပ် တွေကို ပြသသွားမှာပါ” ဟု ဝန်ကြီးနိုကွမ်ချိုလ်က မြောက်ကိုရီးယားပိုင် KCNA သတင်းမီဒီယာအား ပြောကြားခဲ့သည်။

တောင်ကိုရီးယား ရေတပ်ကမူ လေယာဉ်တင်သင်္ဘော လာရောက်ခြင်းသည် ထောက်ပံ့ရေးပစ္စည်းများ ဖြည့်တင်းရန်နှင့် သင်္ဘောသားများအား အားလပ်ရက်ပေးရန်အတွက်ဖြစ်ကြောင်း ပြောကြားထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပြီးခဲ့သည့်သီတင်းပတ်က တောင်ကိုရီးယားသို့ လာရောက်စဉ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံရန် ဆန္ဒရှိကြောင်းပြောကြားခဲ့သလို ယခုတစ်ကြိမ်တွေ့ဆုံမှု မဖြစ်ခဲ့သော်လည်း ကင်နှင့်တွေ့ဆုံရန် ဒေသတွင်းသို့ ပြန်လာလိုကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်ကလည်း ထရန့်နှင့် အခြားခေါင်းဆောင်များ ဒေသဆိုင်ရာ အစည်းအဝေးများအတွက် တောင်ကိုရီးယားတွင် စုဝေးရန် စီစဉ်နေချိန်တွင် မြောက်ကိုရီးယားက ကိုရီးယားကျွန်းဆွယ်၏ အနောက်ဘက်သို့ ခရုစ်ဒုံးကျည်များ စမ်းသပ်ပစ်ခတ်ခဲ့သည်။

နောက်ဆုံး ဒုံးကျည်ပစ်လွှတ်မှုနှင့်ပတ်သက်၍ အမေရိကန် အင်ဒို-ပစိဖိတ် ကွပ်ကဲမှုဌာနချုပ် (US Indo-Pacific Command) က နိုဝင်ဘာ ၈ရက်တွင် “အမေရိကန် တပ်ဖွဲ့များ၊ နယ်မြေနှင့် မဟာမိတ်များအတွက် လတ်တလော ခြိမ်းခြောက်မှု မဖြစ်စေပါ” ဟု ထုတ်ပြန်ခဲ့သည်။

“ဒုံးကျည်ပစ်လွှတ်မှုက မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေကနေ ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ပိုမိုထင်ရှားစေပါတယ်” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။