ရေစကြိုမြို့အနီး လမ်းကင်းယူရန် ထွက်လာသည့် စစ်သားများ မိုင်းဆွဲခံရ၊ ၂ ပွင့်ဗိုလ်အပါအဝင် စစ်သား ၃ ဦးသေဆုံးဟုဆို

ဓာတ်ပုံ - ရေစကြို ပကဖ
ပုံစာ - တိုက်ပွဲဝင် ရေစကြိုပကဖရဲဘော်များ။ ( ပုံဟောင်း )

မကွေးတိုင်း၊ ရေစကြိုမြို့အနီးတွင် လမ်းကင်းယူရန် ထွက်လာသည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ပွင့်ဗိုလ်အပါအဝင် စစ်သား ၃ဦးသေဆုံးကြောင်း ရေစကြိုပကဖက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၇ရက်၊ မွန်းလွဲ ၂နာရီခန့်က ရေစကြိုမြို့အထွက်ရှိ ပေကုန်းရွာ ရေတံခါးအနီးတွင် ရေစကြိုမြို့နယ်အခြေစိုက်ခလရ ၂၅၆၊ ၂၅၇ နှင့်၂၅၈ တပ်ရင်းတို့မှ ထွက်လာသည့် အင်အား ၅၀ခန့်ပါ စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

” မိုင်းကတော့ ဆွဲမိုင်းတွေဗျ။ ကျတော်တို့ မိုင်းပွိုင့်နားမှာ ၁၀ယောက်လောက် ရောက်နေတာကို မိုင်းဆွဲလိုက်တာ” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေစကြိုမြို့နယ် ( ပကဖ ) မှ သတင်းပြန်ကြားတာဝန်ခံက MPA ကို ပြောသည်။

မိုင်းဆွဲခံရပြီး ၁၅ မိနစ်ခန့်အကြာတွင် ရေစကြိုမြို့ထဲရှိ စစ်တပ်အထိုင်စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ပေကုန်းရွာအနီးရှိ ပြည်သူ၂ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” မကြာခဏ အဲဒီလမ်းကို သူတို့ လမ်းကင်းယူလေ့ရှိတယ်။ မိုင်းဆွဲခံရပြီး သူတို့ တန်းမပြန်ဘူးရယ်။ ဆွဲခံရတဲ့နားက အိမ် ၃အိမ်လောက်ကို မီးရှို့တယ်။ လက်နက်ငယ်‌တွေနဲ့ ရမ်းပစ်ပြီးမှပြန်သွားတာ ” ဟု ရေစကြိုပကဖမှ ရဲဘော်တစ်ဦးက ပြောသည်။

ပေကုန်းရွာသည် ရေစကြိုမြို့နှင့် ၂မိုင်ခန့်အကွာ၌ တည်ရှိသည်။

စစ်သားများ သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။