တရားမဝင်ရွေးကောက်ပွဲကို မယုံကြည်သူ ၉၈ ရာခိုင်နှုန်း ၊ မဲမပေးဟု ဖြေရှင်းသူ ၉၆ ရာခိုင်နှုန်းရှိဟု စစ်တမ်းတစ်ရပ်ဆို

ဓာတ်ပုံ - MOI

စစ်ကော်မရှင်ပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲကို တရားမျှတမှုမရှိဟု ယုံကြည်သူ ၉၈ရာခိုင်နှုန်း ရှိကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာတွင် စစ်ကော်မရှင် တရားမဝင် ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူ့သဘောထားများကို သိရှိရန်အတွက် ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း (Platform for People Movement) ၏ လွတ်လပ်သည့် သုတေသနအဖွဲ့က စစ်တမ်း ကောက်ယူခဲ့ရာ စစ်တမ်းဖြေဆိုသူများ ၏ ၉၈ရာခိုင်နှုန်းက အထက်ပါအတိုင်း ယုံကြည်ကြပြီး ယင်းရွေးကောက်ပွဲသည် ပြဿနာများကို မဖြေရှင်းဟု ယုံကြည်သူလည်း ၉၈ရာခိုင်နှုန်းရှိကာ မဲပေးမည်မဟုတ်ဟု ဖြေဆိုသူ ၉၆ရာခိုင်နှုန်း ရှိ ကြောင်း စစ်တမ်းရလဒ်များနှင့်ပတ်သက်ပြီး Defend Myanmar Democracy ၏ နိုဝင်ဘာ၈ရက်ည ဖော်ပြချက်အရ သိရသည်။

“တစ်အချက်အနေနဲ့ ဒီစစ်တမ်းကို လွတ်လပ်တဲ့သုတေသနအဖွဲ့က နိုင်ငံရေးအမြင်မပါဘဲ နိုင်ငံတ ကာသုတေသနလုပ်ထုံးနဲ့အညီ ကောက်ယူထားကြောင်း ခိုင်မာဖို့လိုတယ်။နံပါတ်၂အချက်က အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဆီ ဒီစစ်တမ်းရလဒ်တွေကို မြန်မြန်ဆန်ဆန်ပေးပို့ကြဖို့လိုပါ မယ်”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

ထို့အပြင် ၂၀၂၁ခုနှစ် မအောင်မြင်သော စစ်အာဏာသိမ်းမှုကို လက်မခံသူ ၉၉ရာခိုင်နှုန်းရှိကြောင်း လည်း စစ်တမ်းက ဆိုသည်။

ယင်းစစ်တမ်းကို ပါဝင်ဖြေဆိုသူ ၃၆၆၃ဦးအနက် မြန်မာနိုင်ငံအတွင်းနေထိုင်သူ ၈၅ရာခိုင်နှုန်းနှင့် ပြည်ပရှိ မြန်မာနိုင်ငံသား ၁၅ရာခိုင်နှုန်းပါဝင်ကြောင်း သိရသည်။

ယင်းစစ်တမ်းကို မြန်မာနိုင်ငံတွင်း မြို့နယ်၂၇၁ခုနေ ပြည်သူတို့က ပါဝင်ဖြေဆိုခဲ့ပြီး အမျိုးသားရာခိုင် နှုန်း ၅၀၊ အမျိုးသမီး၄၈ရာခိုင်နှုန်းနှင့် LGBTQI+ သို့မဟုတ် မဖြေလိုသူ၂ရာခိုင်နှုန်းရှိကြောင်း စစ်တမ်းရလဒ်၌ ဖော်ပြထားသည်။

ယင်းစစ်တမ်းကို ၂၀၂၅ခုနှစ်၊အောက်တိုဘာ၂၇ရက်မှ နိုဝင်ဘာ၅ရက်အထိ ကောက်ယူထားခြင်းဖြစ် သည်။