ယခုနှစ် မိုးစပါး စျေးကောင်းမရသဖြင့် မွန်ဒေသတောင်သူများ အရှုံးပေါ်နေဟုဆို

ဓာတ်ပုံ - MPA
ပုံစာ - ရိတ်သိမ်းပြီး စပါးများ ခြွေလှေ့စဉ်(ပုံဟောင်း)

မိုးစပါးစိုက်ဧက ၇ သိန်းနီးပါးရှိသည့် မွန်ပြည်နယ်တွင် ယခုနှစ်မိုးစပါးရိတ်သိမ်းပြီးရာသီအစ၌ပင် စပါးများ စျေးကောင်းမရရှိသည့်အတွက် တောင်သူများ အရှုံးပေါ်နေကြကြောင်း မိုးစပါးစိုက်တောင်သူများထံမှ သိရသည်။

ယခုအချိန်သည် မိုးစပါးများ ရိတ်သိမ်းသည့်အချိန်ဖြစ်သလို ရိတ်သိမ်းပြီးသည့် စပါးများကို ရောင်းချလိုကြသော်လည်း စပါးအသစ်ဈေးနှုန်းက ယခင်နှစ်များထက် ထက်ဝက်နီးပါးကျဆင်းသွားခြင်းဖြစ်သည်။

ယခင်နှစ် မိုးစပါး ဆန်သစ် ပေါ်ဆန်းမွှေ(ရှယ်) တင်း ၁၀၀ ကို ကျပ်သိန်း ၄၀ ၊ ရွှေဝါထွန်း ကျပ်သိန်း ၂၀ ကျော် ဈေးရှိခဲ့ပြီး ယခုနှစ်တွင် ရွှေဝါထွန်း ၁၀ သိန်းဝန်းကျင်၊ ပေါ်ဆန်းမွှေ ကျပ်သိန်း ၂၀ ကျော်ပေါက်ဈေးရှိနေသည်။

“ဈေးက မရှိဘူး၊ ဒီနှစ်တော့ တကယ်ကို အရှုံးပေါ်သွားတယ်လို့ ပြောရမယ့်နှစ်ပဲ၊ အခုအစမှာဘဲ ဈေးက မရနေဘူးလေ၊ အရင်နှစ်ကဆို ရွှေဝါထွန်းတို့တောင် ၁၆၊ ၁၇၊ တက်သွားတဲ့အချိန်ဆို ၁၈၊ ၁၉ သိန်းလောက်ဖြစ်သွားတာ၊ အခုဈေးက သိတဲ့အတိုင်းပဲ” ဟု မိုးစပါးစိုက်ဧက ၂၀ စိုက်ပျိုးထားသည့် ပေါင်မြို့နယ်မှ တောင်သူ ဦးထွန်းလင်းက ပြောသည်။

ထို့ပြင် မိုးစပါးပေါ်ကာလတွင် ဈေးကွက်အတွင်း စပါးသစ်များကို ဝယ်ယူသူမရှိဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ယခုလို တောင်သူများ အကျပ်ရိုက်နေချိန်တွင် စစ်ကောင်စီသည် ယခင် စပါးတစ်အိတ်လျှင် ၉၂ ပေါင် သတ်မှတ် ထားသော်လည်း ယခုနှစ်တွင် ပေါင် ၁၀၀ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း တောင်သူအချို့က ပြောသည်။

လက်ရှိတွင်လည်း မုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ရိတ်သိမ်းခါနီး စပါးစိုက်ဧက များစွာလည်း ရေနစ်မြုပ်နေကြောင်း ဆိုသည်။

“မိုးရွာလိုက်တာ ၈ ရက်၊ ၉ ရက်လောက်ရှိမယ်၊ နေ့တိုင်းမိုးကျတော့ ရိတ်သိမ်းတော့မယ် လုပ်ထားတဲ့ စိုက်ခင်း အကုန်ရေဝင်ပြီး မြုပ်ကုန်တယ်၊ တော်တော်များတယ်။ စပါးဖျက်မိုးဘဲ ပြောရမှာပေါ့၊ အချို့ဆို ကြွေကျပြီး အောက်မှာ အပင်နုတွေတောင် ထွက်တာမျိုး ရှိလာပြီး၊ ဒီတစ်ရက်နှစ်ရက် စောင့်ကြည့်လို့ အခြေအနေမဟန်ရင် တော့ မြန်မြန်ဆန်ဆန်ပဲ ရိတ်သိမ်းရတော့မယ်၊ ဒါမဟုတ်ရင် ဒုက္ခရောက်ကုန်မယ်” ဟု သထုံမြို့နယ်မှ မိုးစပါး စိုက်ဧက ၁၃ ဧက ပိုင်ဆိုင်သည့် တောင်သူက ပြောသည်။

ယင်းအပြင် ရိတ်သိမ်းပြီး ချွေ့လှေ့ရန်အတွက် စပါးများကို မြေတလင်းများတွင် နှေလှန်ထားသည့်အတွက် ရေဆို ပျက်စီးမှုများ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် လယ်တစ်ဧကကို စတင်ပျိုးထောင်ချိန်မှ ရိတ်သိမ်းယူသည့်အချိန်အထိ ငွေကျပ် ၅ သိန်းအထက် ကုန်ကျစရိတ်ရှိနေကြောင်း တောင်သူများက ပြောသည်။

ထို့အပြင် ထွန်းယက်စိုက်ပျိုးခ၊ ရိတ်သိမ်းခ၊ ပိုးသတ်ဆေး၊ ဓါတ်မြေဩဇာ၊ ပေါင်းသတ်ဆေး အစရှိသည့် သွင်းအားစုကုန်ကျစရိတ်ကြီးမြင့်မှုနှင့်အတူ ဆိုးရွားလာသည့်ရာသီဥတု၊ ပိုးမွှားအန္တရာများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့်တောင်သူများသည် အကျိုးအမြတ်ရရှိမှု မရှိသည့်အပြင် ဆုံးရှုံးမှုများနေခြင်း ဖြစ်သည်။

“တစ်နှစ်နဲ့ တစ်နှစ်က ပိုဆိုးလာတယ်လို့ ပြောရမယ်၊ အခုလယ် တစ်ဧကအတွက် စိုက်ပျိုးတာ သေချာ စာရင်းနဲ့ ပြန်တွက်တာ အရှုံးဘက်ကို ပြနေတယ်၊ ဒီပြဿနာကို ဖြေရှင်းပေးတဲ့သူတွေ မရှိဘူး၊ အာဏာပိုင်တွေကလည်း မသိသလိုပဲ၊ ပိုးကျရင် ဟိုဟာလေး သင်တန်းပေး၊ ဟိုမြေဩဇာ လာရောင်း ဒီလောက်ပဲ ခံရတာက လယ်သမားတွေ” ဟု ပေါင်မြို့နယ်မှ အဟောက်ကွင်းမှ လယ် ၃၀ ဧကပိုင်ရှင် ဦးထွန်းဌေးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် လယ်လာလုပ်ငန်းကဲ့သို့သော စိုက်ပျိုးရေးကဏ္ဍအတွက် အရှိန်အဟုန်မြင့် အားပေး ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကြာမကြာ ထုတ်ပြောနေသော်လည်း လက်တွေ့ ထိရောက်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်း မရှိဖြစ်နေသည်။