စစ်တပ်အာဏာ သက်ဆိုးရှည်မည့် လုပ်ရပ်တိုင်းကို တော်လှန်သွားမည်ဟု ဝ၊ တအောင်း၊ မွန် လူငယ် ၃ ဖွဲ့ဆို

ဓာတ်ပုံ - AFP

စစ်တပ် အာဏာ သက်ဆိုးရှည်မည့် မည့်သည့်လုပ်ရပ်မျိုးကိုမဆို ဆန့်ကျင်တော်လှန်သွားမည်ဖြစ် ကြောင်း ဝ၊ တအာင်းနှင့် မွန်လူငယ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်လိုက်သည်။

ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်အောက်တွင် မွန်ခမာအုပ်စု ” ဝ၊ တအာင်း၊ မွန် ” လူငယ်များ စည်းလုံးညီညွတ်ကာ တော်လှန်သွားမည်ဖြစ်ကြောင်း ယနေ့ ( နိုဝင်ဘာ ၁၀ရက် ) တွင် ဝလူငယ့်အသံ၊ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့နှင့် တိုးတက်သောမွန်လူငယ်များအစည်းအရုံး တို့၏အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သဘောထားထုတ်ပြန်ရာ၌ ဖော်ပြထားသည်။

“ကျွန်မတို့ အခုတော်လှန်ရေးက စစ်အာဏာရှင်စနစ်ကို အဆုံးတိုင် ဖယ်ရှား၊ တိုက်ထုတ်တယ် ဆိုတာထက်ကို အများကြီးပိုပါတယ်။ တိုင်းရင်းသားအားလုံး တန်းတူညီမျှတဲ့ အခွင့်အရေး ရရှိဖို့နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်၊ အမှန်တကယ် အစစ်အမှန်ကိုလည်းပဲ လိုချင်တာဖြစ်တယ်” ဟု ဝလူ့ငယ်အသံမှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။

ယင်းလူငယ်အဖွဲ့သုံးဖွဲ့သည် ၎င်းတို့အခြေစိုက်ရာ ဒေသများတွင် ရွေးကောက်ပွဲဆန့်ကျင်ရေးနှင့် ပက်သက်ပြီး လှုပ်ရှားမှုများပြုလုပ်ရန်လည်း ဆွေးနွေးနေကြောင်းလည်း ၎င်းကပြောသည်။

” လူငယ်အဖွဲ့တွေ လှုပ်ရှားမှုအနေနဲ့ကတော့ မြေပြင်မှာရော၊ အွန်လိုင်းမှာရော ဆန့်ကျင်ရေးကမ်ပိန်းတွေပြုနိုင်ဖို့ ဆွေးနွေးတဲ့အပိုင်းတွေရှိပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

စစ်တပ်သမိုင်းတစ်လျှောက် ကျင်းပခဲ့သော ရွေးကောက်ပွဲတိုင်းသည် ၎င်းတို့၏ အာဏာတည်မြဲ ရေးနှင့် တရားဝင်ဖြစ်အောင် ဆက်လက်ထိန်းသိမ်းရေးတို့အတွက် တိုင်းရင်းသားအင်အားစုများကြား စည်းလုံးညီညွတ်မှုပျက်ပြားစေရေး၊ သွေးခွဲရေးနှင့် နိုင်ငံတကာတွင် တရားဝင်အောင် လှည့်စားခြင်း သာဖြစ် ကြောင်း ယင်းအဖွဲ့သုံးဖွဲ့က ဆိုသည်။

တရုတ်အစိုးရအပါအဝင် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း ရွေးကောက်ပွဲကို နည်းပညာအရ ပံ့ပိုးကူညီခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ ပူးပေါင်းပါဝင်ခြင်း၊ အသိအမှတ်ပြုခြင်းအပါအဝင် အခြားသော နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးအရ ပံ့ပိုးခြင်းများ မပြုလုပ်ကြရန်လည်း တိုက်တွန်းထားသည်။

ထို့ပြင် နိုင်ငံတကာအနေဖြင့် စစ်အာဏာရှင်ကို တော်လှန်နေသည့် ပြည်သူ့လှုပ်ရှားမှုများ၊ ပြည်သူကို ကိုယ်စားပြုသည့် တော်လှန်ရေးအစုအဖွဲ့များကိုသာ အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။