ခမရ ၅၉၁ အရာရှိလိုင်းခန်းကို ရေးဘီလူး RPG နှင့်ပစ်၊ ထိခိုက်မှုများဟုဆို

ဓာတ်ပုံ-ရေးဘီလူး

မွန်ပြည်နယ် ၊ ရေးမြို့နယ်အခြေစိုက် ခမရ ၅၉၁တပ်ရင်းထဲရှိ အရာရှိလိုင်းခန်းကို RPG နှင့် ပစ်ခတ်ခဲ့ရာ ထိခိုက်မှုများကြောင်း သိရသည်။

နိုဝင်ဘာ ၁၀ ရက်၊ ‌မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် ခမရ ၅၉၁ တပ်ရင်းရှိ အရာရှိလိုင်းခန်းကို ရေကန်ကုန်း(ရေစင်ကုန်း)ပေါ်မှ RPG နှင့် ပစ်ခတ်ခဲ့ပြီးနောက် ခမရ ၅၉၁ မှစစ်သားများထွက်လာကာ မိနစ် ၂၀ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရေးဘီလူးတပ်ရင်းက ထုတ်ပြန်ထားသည်။

“ကျနော်တို့က ရေကန်ကုန်းကို အရင်ရတာ။ ရေကန်ကုန်းက ကင်းပုန်းကတော့ ပြန်ဆုတ်သွားတယ်။ ကင်းပုန်းမရှိတဲ့ အချိန် ရေကန်ကုန်းကိုရပြီးမှ ကျနော်တို့က ဒီလိုင်းခန်းထဲကို RPG ထုသွင်းတယ်။ RPG ထုသွင်းပြီးမှ ရန်သူ့ဘက်က ရေကန်ကုန်းကို ပြန်လုတာပေါ့။ အဲ့ဒီ့မှာ တိုက်ပွဲ မိနစ် ၂၀ လောက်ဖြစ်တယ်”ဟု ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ရေကန်ကုန်းသည် ကျောင်းရွာတစ်ရွာလုံးအား ရေပေးနေသည့် ရေကန်ရှိသည့် နေရာဖြစ်ပြီး ကုန်းမြင့်ပိုင်းတွင်ရှိသောကြောင့် စစ်သားများ ကင်းပုန်းဝပ်လေ့ရှိကြောင်း သိရသည်။

“ကင်းပုန်းကတော့ ကျနော်တို့ မတိုးလာနိုင်ဘူးဆိုပြီး သူတို့က ပြန်ဆုတ်သွားတာ။ ပုံမှန်လည်း ညဘက်ပဲလာပြီး မနက်ဘက် ပြန်ဆုတ်သွားတယ်။ ကျနော်တို့က လိုင်းခန်းကို RPG ပစ်တဲ့အချိန်မှာမှ သူတို့တွေက ပြန်ထွက်လာပြီးတော့ ကျနော်တို့နဲ့ ထိတွေ့ပြန်ဖြစ်တယ်။အတိအကျတော့ မထုတ်ပြန်နိုင်သေးပါဘူး။ထိခိုက်မှုတော့များမယ်”ဟု ၎င်းကပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး‌ ရေးဘီလူးတပ်ရင်းမှ ရဲဘော်များ ပြန်လည်ဆုတ်ခွာချိန်တွင် ခမရ ၅၉၁ တပ်မှ လက်နက်ကြီးများ တရစပ် ရမ်းသန်းပစ်ခတ်ခဲ့‌‌ သော်လည်း ရဲဘော်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

RPGနှင့် ပစ်ခတ်မှုကြောင့် စစ်သားများ ထိခိုက်မှုအသေးစိတ်ကို ယနေ့(နိုဝင်ဘာ၁၁ရက်)နံနက်ပိုင်း အထိ မသိရသေးပေ။