အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICCအနေဖြင့် ရာဇဝတ်သား မင်းအောင်လှိုင်ကို အမြန်ဆုံး ဖမ်းဝရမ်းထုတ်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်သည်။
နိုဝင်ဘာ၁၁ရက်၊ကုလသမဂ္ဂတွင် ကျင်းပသည့်”အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ အစီအရင်ခံစာ” ခေါင်းစဉ်အောက်မှ အထွေထွေဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မိန့်ခွန်းပြောကြားရာ၌ ယင်း သို့တောင်းဆိုခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအဆင့်ရှိ ကြီးလေးသော ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း ခိုင်မာသော သက်သေအထောက်အထားများနှင့် အချက်အလက်များကို ကုလသမဂ္ဂ၏ အစီရင်ခံစာအသီးသီးတွင်လည်း အတိအလင်း ဖော်ပြထားသည်ဟုလည်း ဆိုသည်။
NUGအစိုးရသည် အရပ်သားပြည်သူများ၏ အသက်များကိုကယ်တင် ကာကွယ်ရန်၊ စစ်တပ်၏ ထပ်မံရက်စက်မှုများကို တားဆီးနိုင်ရန်၊ ပြစ်မှုကျူးလွန်ခြင်းခံရသူများအတွက် တရားမျှတမှု ရရှိစေရန်နှင့် အပြစ်ပေးအရေးယူခြင်းမှ ကင်းလွတ်နေမှုကို အဆုံးသတ်ရန်အတွက် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့တွင် ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံအတွင်း စစ်အုပ်စုကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအပေါ် တရားစွဲရန် ICCတရားရုံး၏ မှတ်ပုံတင်အရာရှိထံ တင်ပြခဲ့ရာ ၃နှစ်ကြာပြီးနောက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ အ တွင်းမှ ICC တရားစွဲအရာရှိက မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် တရားရုံးသို့ လျှောက်ထားခဲ့ကြောင်း၊ သို့သော်၊ ယခု တစ်နှစ်နီးပါး ကြာသည့်တိုင် ယင်းဖမ်းဝရမ်းထုတ်ရေး လုပ်ငန်စဉ်မှာ ထင်ရှားသော တိုးတက်မှုများ မရှိသေးသဖြင့် မြန်မာ ပြည်သူများစိတ်ပျက်ရကြောင်း သံအမတ်ကြီးက ပြောသည်။
“အဓိကကတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကိုင်တွယ်မှုတွေက စု စည်းကျစ်လစ်မှုမရှိတဲ့အတွက် ထိရောက်တဲ့ခွန်အားတစ်ရပ်ပုံစံမျိုးဖြစ်မလာဘူး။NUG နိုင်ငံခြားရေး ကလည်း အဲဒီလိုအခြေအနေရောက်အောင် မတည်ဆောက်နိုင်ဘူး”ဟု ရန်ကုန်အခြေစိုက်နိုင်ငံရေး ဆောင်းပါးရှင်တစ်ဦးက MPAသို့ ပြောသည်။
ဆက်လက်ပြီး သံအမတ်ကြီးက မြန်မာနိုင်ငံတစ်ဝန်းတွင် စစ် အုပ်စုက ရက်စက် ကြမ်းကြုတ်သော ရာဇဝတ်မှုများ နေ့စဉ် ကျူးလွန်နေချိန်တွင် တရားမျှတမှု ဖော်ဆောင်ရေးကို နှောင့်နှေး၍ မရကြောင်းနှင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေနှင့် တရားမဝင်အာဏာသိမ်း စစ်အုပ်စုက စီစဉ်နေသော အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ပယ်ချကြရန် တိုက်တွန်းကြောင်းလည်း ပြောသည်။
