မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် မြေပဲဖော်ရန်သွားစဉ် စစ်တပ် ဖမ်းဆီးခြင်းခံရသည့် ပြည်သူ၂ဦးကို ကြိုးနှင့်တုပ်ပြီး ဓားဖြင့်မွှန်းကာ ဘုန်းကြီးကျောင်းထဲ၌ သတ်ထားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၂ရက်၊ နံနက်ပိုင်းတွင် မြိုင်မြို့နယ် စက်မှု ၂ မှ ထွက်လာသော အင်အား ၂၀၀ခန့်ပါ စစ်ကြောင်းသည် မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး လမ်း၌ ဓားစာခံအဖြစ် ဖမ်းဆီးလာသူ၅ဦးအနက် ၂ဦးကို သတ်ဖြတ်ခဲ့ကာ ကျန်၃ဦးအား ဆက်လက်ဖမ်းဆီးထားသေး ကြောင်း သိရသည်။
” တစ်နေ့ ( နိုဝင်ဘာ ၁၁ ရက် ) က ဖမ်းခံလိုက်ရတာ။ မြေပဲသွားဖော်ကြတဲ့ပြည်သူတွေ စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းခံရတာ။ သတ်ခံရတဲ့အချိန်တော့ အတည်မပြုနိုင်သေးဘူး။ စစ်ကြောင်းက ဝက်ပုတ်ကို မနက် ၉နာရီမှာ ဝင်ပြီး နေ့လည် ၁နာရီကျော်မှာ ပြန်ထွက်သွားတော့ အဲဒီကြားထဲမှာ သတ်ခံလိုက်ရတာပါ။ ရဲဘော်တွေ နယ်မြေရှင်းလင်းရေးဝင်တဲ့အချိန်မှာ ကြိုးနဲ့တုပ်ခံထားရတဲ့ အလောင်း ၂လောင်းကို ဝက်ပုတ်ရွာ ဘုန်းကြီးကျောင်းထဲမှာ တွေ့တာပါ။ အလောင်းမှာ ဓားနဲ့ မွှန်းထားတဲ့ဒဏ်ရာတွေ တွေ့ပါတယ် ” ဟု မြိုင်မြို့ စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။
သေဆုံးသူများမှာ အသက် ၅၀နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ရွာတန်းရှည်ကျေးရွာမှဖြစ်ကြောင်း သိရသည်။
” ကျန်တဲ့ ၃ယောက်ကလည်း ရွာတန်းရှည်ကပဲ။ ခုထိ ပြန်လွတ်လာတယ်လို့တော့ မကြားရသေးဘူး။ စစ်ကြောင်းနဲ့အတူ ရှိနေဖို့ များပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဝက်ပုတ်ရွာကို စစ်ကြောင်းဝင်ရောက်စဉ် နေအိမ် ၂လုံးကို မီးရှို့ဖျက်ဆီးခဲ့သေးပြီး ယင်းစစ်ကြောင်းသည် စက်မှု ၂ သို့ ပြန်ဝင်သွားကြောင်း သိရသည်။
မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာသည် စစ်တပ်အထိုင်ချထားသည် စက်မှု ၂ ( အမှတ် ၂ အကြီးစားစက်မှုလုပ်ငန်းစက်ရုံ ) နှင့် ၃မိုင်ခန့်အကွာတွင် တည်ရှိပြီး ယခင်က ပျူစောထီးရွာဖြစ်ခဲ့ကာ ၂၀၂၄ ခု၊ ဩဂုတ် ၈ ရက်၌ တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် ပြည်သူများ ပြန်လည်နေထိုင်နေကြသည့် ကျေးရွာဖြစ်သည်။
အောက်တိုဘာ ၂၀ ရက်မှ စတင်ပြီး ပခုက္ကူတပ်မ ၁၀၁ မှ ထွက်လာသော စစ်ကြောင်းသည် မြိုင်မြို့နယ်ထဲ ဝင်ရောက်စစ်ကြောင်းထိုးနေသောကြောင့် ဝက်ပုတ်၊ရွာတန်းရှည်၊ နှမ်းဆီကန်ကျေးရွာများအပါအဝင် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ တစ်သောင်း ဝန်းကျင် စစ်ရှောင်နေရကြောင်း သိရသည်။
