ပဲခူးတိုင်း ၊ ကြို့ပင်ကောက်မြို့နယ်တွင် ပြည်သူရော PDFကိုပါဒုက္ခပေးနေသော ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး တော်လှန်ရေးပတ်ကင်းနှင့်တိုး၍ ပစ်ခတ်ရှင်းလင်းခံရကြောင်း သိရသည်။
နိုဝင်ဘာ ၁၁ ရက် ၊ နံနက် ၆ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ် ၊ ဂွေးကောင်းပင်ရွာနေ ပြည်သူ့စစ်ခေါင်းဆောင် ဝင်းအောင်(၅၁နှစ်)သည် ၎င်း၏သားဖြစ်သူ ကျောင်းသွားရန် ကားဂိတ်သို့ လိုက်ပို့ပြီးအပြန် ဂွေးကောင်းပင်ရွာအနီး၌ PDF ပတ်ကင်းနှင့် ထိပ်တိုက်တွေ့ကာ ပစ်ခတ်ရှင်းလင်းခံရကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)ထံက သိရသည်။
“သူက သူ့သားကို ကားဂိတ်လိုက်ပို့ပြီးအပြန်ပေါ့။သူ့သားကကျောင်း သွားတာဗျ။လမ်းမှာ ကျနော်တို့ ပက်ကင်းနဲ့တွေ့တာဗျ။အရင်တုန်းကဆို စစ်ကြောင်းထိုးရင် သူပဲဦးဆောင်လာတာလေ၊ နယ်ခံဆိုတော့ “ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက MPA သို့ပြောသည်။
ပြည်သူ့စစ်ခေါင်းဆောင် ဝင်းအောင်သည် တော်လှန်ရေးတပ်ဖွဲ့များ၏ အချက်အလက်များကို စုံစမ်းထောက်လှမ်းခြင်း ၊ ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေး ခြိမ်းခြောက်တောင်းခြင်း ၊ စစ်သားများနှင့် ပူးပေါင်းကာ လူငယ်များကို ပေါ်တာဆွဲခြင်း နှင့် ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးရာတွင် လမ်းပြပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ်ခေါင်းဆောင်ထံမှ ပြည်သူ့စစ်(ဌာနေ)စိစစ်ရေးကတ်ပြား တစ်ခုနှင့် ဖုန်းတစ်လုံး သိမ်းဆည်းရရှိခဲ့ပြီး စိစစ်ရေးကတ်တွင် ၎င်းသည် အမာခံတစ်ဦးဖြစ်ကြောင်း ရေးသားထားသည်ဟု သိရသည်။
ယင်းပြည်သူ့စစ်ခေါင်းဆောင်ကို နိုဝင်ဘာ ၁၁ ရက် ညနေတွင်ပင် မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)က သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။
ဂွေးကောင်းပင်ရွာသည် ပျူစောထီးရွာမဟုတ်သော်လည်း ပြည်သူ့စစ်ထဲဝင်သူ အနည်းငယ်ရှိကြောင်း သိရသည်။
