တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပုံတောင်ထိပ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေခြင်းကြောင့် ဒေသခံများ အခက်တွေ့

ဓာတ်ပုံ-MPA
ပုံစာ- ပုံတောင် တောင်ခြေရှိ လမ်းညွှန်ဆိုင်းဘုတ်တစ်ခုအား တွေ့ရစဥ်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အရှေ့မြောက်ခြမ်း၊ ပုံတောင်ထိပ်ဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေ၍ ပြည်သူများ အခက်ကြုံနေကြရကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းမှစ၍ ပုံတောင်ထိပ်အနီးတဝိုက်(ဒေသအခေါ် ဆေးကြီးတောင်)ကို စစ်ကော်မရှင်က ဂျက်ဖိုက်တာ၊ Y – 12 စစ်ထောက်ပို့လေယာဥ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

“Y – 12၊ ဂျက်ဖိုက်တာတွေနဲ့ လာကြဲတာ။ Pont-8၊ စက်လက်တွေနဲ့လည်း ပစ်တယ်။ နေ့တိုင်းနီးပါးကြဲနေတဲ့အပြင် လမ်းကလည်း ဆိုးတော့ အသွားအလာလည်း မရှိသလောက်ပဲ။ နိုဝင်ဘာ ၁၂ ရက်ထိ လာကြဲနေတာ” ဟု ထီးလင်းမြိုနယ်အတွင်းနေထိုင်သည့် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

ထိုကဲ့သို့ ပုံတောင်ထိပ်တွင် စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ရာ၌ ဒေသခံများ၏ ကုန်ကားငယ်များကိုလည်း ပစ်ခတ်နေသည့်အပြင်၊ မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ဗုံးသီးများလည်း ရှိနေ၍ ဒေသခံများအနေဖြင့် အသက်အန္တရာယ် စိုးရိမ်နေကြရကြောင်း သိရသည်။

“လမ်းတွေပျက်နေတော့ ကုန်ကားအကြီးတွေ သွားလာခွင့် ပိတ်ထားတယ်။ တောင်ခြေနားတဝိုက်က စျေးလိုက်တဲ့ကားအသေးလေးတွေပဲ ရှိတယ်။ လေယာဥ်ကလည်း ပစ်နေတော့ အဲ့ဒီ့ကားငယ်လေးတွေကလည်း မလာရဲကြဘဲ ပစ္စည်းပြတ်လပ်တာမျိုးတွေ နည်းနည်းတော့ ကြုံရတယ်” ဟု ဆွဲလွဲကျေးရွာမှ အမျိုးသားတစ်ဦးက ဆိုသည်။

လက်ရှိတွင် ပုံတောင်ထိပ်အနောက်ဘက်ခြမ်းရှိ ဆွဲလွဲ၊ စို့ပြား၊ ညှစ်လျှောက်၊ ပြင်ဘ၊ အကြည်ဘန်း၊ အလယ်ဘန်း၊ အညာဘန်းနှင့် ဘူးတောင်းကျေးရွာများမှ ဒေသခံများအနေဖြင့် လေကြောင်းရန်ကို သတိထားနေထိုင်နေကြရကြောင်း သိရသည်။

“လေကြောင်းသတင်းကတော့ အမြဲနားစွင့်နေရတယ်။ ကင်းထောက်တွေလည်း အရမ်းလာတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှစ၍ စစ်ကော်မရှင်တပ်ဘက်က ပေါက်မြို့နယ်အနောက်မြောက်ခြမ်း၊ ပုံတောင်နတ်ထိပ်အနီး ကပစ ၂၄၏ ကာကင်းစခန်း၊ ရေဖြူနှင့် ကျောက်တံခါးကျေးရွာဘက်မှ ထီးလင်းမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်တွင်လည်း မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာသည့် Y – 8 စစ်ထောက်ပို့လေယာဥ်ဖြင့် စစ်ကော်မရှင်က ထီးလင်းမြို့ပေါ်ရှိ စခန်းကို လက်နက်ခဲယမ်းနှင့်ရိက္ခာ ဖြည့်တင်းမှုများ လုပ်ဆောင်ခဲ့သည်။

တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် ယောဒေသတွင် ၂၀၂၂ခုနှစ် နှစ်လယ်ပိုင်းမှစတင်ကာ စစ်ကော်မရှင်က မြေပြင်စစ်ကြောင်းထိုးနိုင်ခြင်းမရှိတော့ဘဲ လက်နက်ကြီးနှင့် လေကြောင်းကိုသာ အသုံးပြု၍ ကျေးရွာများသို့ တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

လက်ရှိတွင် စစ်ကော်မရှင်က ယောဒေသအတွင်းရှိ နေရာအများစုကို ဖုန်းလိုင်းများဖြတ်တောက်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ် လုပ်ဆောင်နေသည့်အတွက် ပြည်သူများအနေဖြင့် အထူးသတိထားရန် လိုအပ်ကြောင်း ဒေသတွင်း တော်လှန်ရေးအဖွဲ့များ နှိုးဆော်ထားသည်။