ချင်းပြည်နယ် ဖလမ်းမြို့နှင့် ၁၂မိုင်ခန့်အကွာသို့ စစ်တပ်ရောက်ရှိလာကြောင်း သိရသည်။
စစ်တပ်သည် အောက်တိုဘာ ၂၉ရက်တွင် ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ကို စစ်အင်အား ၅၀၀ ခန့်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၃ရက်၌ ဝေဘူလမြို့ကိုထိန်းချုပ်ခဲ့ကာ ယင်းမြို့မှတစ်ဆင့် ဖလမ်းမြို့သို့ အင်အား ၃၀၀ ခန့်ဖြင့် ဆက်လက်ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။
” အခုဆိုရင် ဖလမ်းမြို့နဲ့ သိပ်မဝေးတော့တဲ့နေရာမှာ မဏိပူရမြစ်ဆိုတာ ရှိတယ်။ မိုင်အားဖြင့် မြို့နဲ့ ၁၂မိုင်ဝန်းကျင်မှာ ရှိတယ်။အဲဒီမြစ်တစ်လျှောက်မှာ စကမက ခြေကုပ်ယူထားတယ်။ ကျနော်တို့ လည်း ခုခံနေတဲ့အခြေအနေမှာ ရှိတယ်။ အကောင်းဆုံးခုခံဖို့ပြင်ထားပါတယ် ” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက MPA ကို ပြောသည်။
နိုဝင်ဘာ ၁၇ရက်၊ နံနက် ၈ နာရီခွဲ နှင့် ၁၀ နာရီတို့တွင် မဏိပူရမြစ်ဘေးတစ်လျှောက်၌ စစ်တပ်နှင့် CNDF တို့ ထိတွေ့မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
” နေ့လည် ၂ နာရီနဲ့ ၃နာရီ(နိုဝင်ဘာ၁၇ရက်)မှာ ဂျက်ဖိုက်တာနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေကို လာပစ်တာတွေရှိပါတယ်။ ထိတွေ့မှုတွေမှာလည်း စကမဘက်က သေဆုံးတာတွေရှိပေမဲ့ စာရင်းတော့ ကျနော်တို့ ယူနေတုန်းပါ။ ကျနော်တို့ဘက်ကတော့ ဘေးကင်းပါတယ် ” ဟု ဆလိုင်းတင်မီက ဆိုသည်။
စစ်တပ်သည် ကလေးမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းကို စစ်ကြောင်းထိုးရာမှ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်သို့ ဝင်ရောက်လာခြင်းဖြစ်ရာ ကလေးမြို့နယ်မှ စစ်ရှောင်ပြည်သူများလည်း ဖလမ်း၌ ရှိနေပြီး စစ်ရှောင်ပြည်သူ စုစုပေါင်း တစ်သောင်းခွဲခန့် ရှိနေကြောင်း သိရသည်။
စစ်ရှောင်ပြည်သူများအနေဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ စောင်၊အနွေးထည်တို့ လိုအပ်နေကြောင်း လည်း သိရသည်။
၂၀၂၅ခု၊ ဧပြီ ၉ရက်က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ကို စစ်တပ်ကင်းစင်သောနယ်မြေအဖြစ် ကြေညာထားသည်။
