လက်ဘနွန်တောင်ပိုင်းရှိ ပါလက်စတိုင်း ဒုက္ခသည်စခန်းတစ်ခုကို အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ ဦး သေဆုံး ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင်မီဒီယာနှင့် အစိုးရအရာရှိများက ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်သည် လွန်ခဲ့သည့် တစ်နှစ်က အစ္စရေး-ဟစ်ဇ်ဘိုလာ စစ်ပွဲအတွင်း အပစ်အခတ်ရပ်စဲပြီးနောက် လက်ဘနွန်တွင် ဖြစ်ပွားခဲ့သည့် အသေအပျက်အများဆုံး တိုက်ခိုက်မှုဖြစ်သည်။
လက်ဘနွန် နိုင်ငံပိုင် သတင်းအေဂျင်စီ National News Agency ၏ ပြောကြားချက်အရ အစ္စရေး၏ဒရုန်းတိုက်ခိုက်မှုသည် ကမ်းရိုးတန်းမြို့ ဆိုက်ဒွန်အစွန်အဖျားရှိ Ein el-Hilweh ဒုက္ခသည်စခန်းရှိ ဗလီဝတ်ကျောင်းတော်၏ ကားပါကင်နေရာမှ ကားတစ်စီးကို ထိမှန်ခဲ့ခြင်း ဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုတွင် လူ ၁၃ ဦး သေဆုံး ခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းလက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ခြင်း မရှိပေ။
အစ္စရေးစစ်တပ်ကမူ ၎င်း၏စစ်တပ်ကို တိုက်ခိုက်ရန် ပြင်ဆင်နေသည့် ဟားမတ်စ် လေ့ကျင့်ရေးစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဟားမတ်စ် က ထုတ်ပြန်ချက်တွင် ထိုတိုက်ခိုက်မှုကို ရှုတ်ချခဲ့သလို တိုက်ခိုက်မှုသည် အားကစားကွင်းကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
