သံတမန်ရေးရာ အငြင်းပွားမှု ဖြစ်ပွားပြီးနောက် တရုတ်က ၎င်းတို့၏ နိုင်ငံသားများကို ဂျပန်သို့ ခရီးမသွားရန် တိုက်တွန်းပြီး ရက်ပိုင်းအတွင်းမှာပင် တိုကျိုအခြေစိုက် ခရီးသွားလုပ်ငန်း East Japan International Travel Service သည် ယခုနှစ်အတွက်ကျန်ရှိသောကာလအတွက် ဝန်ဆောင်မှု ကြိုတင်မှာယူမှုများ၏ ၈၀ ရာခိုင်နှုန်း ဆုံးရှုံးသွားခဲ့သည်။
တရုတ်ဧည့်သည်များကို အဓိကထား၍ အုပ်စုလိုက်ခရီးစဉ်များကို အထူးဝန်ဆောင်မှုပေးသည့် အဆိုပါ ခရီးသွားလုပ်ငန်းငယ်လေးသည် ကမ္ဘာ့စတုတ္ထအကြီးဆုံးဖြစ်သော ဂျပန်၏ စီးပွားရေးကို ကြီးမားသော ထိခိုက်မှု ဖြစ်စေနိုင်သည့် လက်တုံ့ပြန်မှု ၏ ပြင်းထန်သော အကျိုးဆက်ကို ခံစားနေရသည်။
ထိုင်ဝမ်နှင့်ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် ဆနဲ တာကအီချိ ၏ မှတ်ချက်များကြောင့် ဖြစ်ပေါ်လာသော တရုတ်၏ ခရီးသွားသတိပေးချက်ကြောင့် ဂျပန်တွင် လေယာဉ်ခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရသလို ခရီးသွားလာရေးနှင့် ဆက်နွှယ်သော စတော့ရှယ်ယာများ ထိုးကျခဲ့သည်။
“ဒါဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါ” ဟု East Japan International Travel Service ၏ ဒုတိယဥက္ကဋ္ဌ ယူ ကျင့်ရှင်းက ပြောကြားခဲ့သည်။
ကမ္ဘာ့ခရီးသွားလာရေးနှင့် ခရီးသွားလုပ်ငန်းကောင်စီ (World Travel & Tourism Council) ၏ အဆိုအရ ခရီးသွားလုပ်ငန်းသည် ဂျပန်၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ၏ ၇ ရာခိုင်နှုန်း ခန့်ရှိပြီး မကြာသေးမီနှစ်များအတွင်း စီးပွားရေးတိုးတက်မှု၏ အဓိက မောင်းနှင်အားတစ်ခု ဖြစ်ခဲ့သည်။
တရားဝင်ကိန်းဂဏန်းများအရ တရုတ်ပြည်မနှင့် ဟောင်ကောင်မှ လာရောက်သူများသည် နိုင်ငံအတွင်း စုစုပေါင်း ရောက်ရှိလာသူအားလုံး၏ ငါးပုံတစ်ပုံ ခန့် ရှိသည်။
တရုတ်က ယခုကဲ့သို့ ပိတ်ပင်မှုကြောင့် နှစ်စဉ် ယန်း ၂.၂ ထရီလီယံ ခန့် ဆုံးရှုံးမှု ဖြစ်ပေါ်နိုင်ကြောင်း Nomura Research Institute က ခန့်မှန်းထားသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ပြီးနောက် ဂျပန်ရှိ ခရီးသွားလာရေးနှင့် သက်ဆိုင်သော စတော့ရှယ်ယာများ ကျဆင်းခဲ့သည်။
တရုတ်လေကြောင်းလိုင်း ၁၀ ခုကျော်သည် ဒီဇင်ဘာ ၃၁ ရက်အထိ ဂျပန်သို့ သွားမည့် လေကြောင်းခရီးစဉ်များအတွက် ငွေပြန်အမ်းပေးရန် ကမ်းလှမ်းထားပြီးဖြစ်ကာ လေကြောင်းလိုင်းသုံးသပ်သူတစ်ဦး၏ ခန့်မှန်းချက်အရ လက်မှတ် ၅၀၀,၀၀၀ ခန့် ကို ဖျက်သိမ်းပြီးဖြစ်ကြောင်း သိရသည်။
တရုတ်အစိုးရက ဂျပန်ဝန်ကြီးချုပ် တာကအီချိ အား ၎င်း၏ ပြောဆိုချက်များကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုထားသော်လည်း ဂျပန်အစိုးရက ထိုပြောဆိုချက်များသည် အစိုးရ၏ ရပ်တည်ချက်နှင့် ကိုက်ညီကြောင်း တုံ့ပြန်ခဲ့ရာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး အခြေအနေ ကောင်းလာမည့် လက္ခဏာ မတွေ့ရသေးပေ။
