အရက်မူးပြီး အမတ်လောင်းစာရင်းစာရွက် ဆွဲဖြဲသူကို ထောင်၁၇နှစ် ချ

အရက်မူးပြီး အမတ်လောင်းအမည်စာရင်းစာရွက် ဆွဲဖြဲခဲ့သူ တရားမဝင်မွန်ဝန်ကြီးချုပ်နှင့် တစ်ရွာတည်းသားအား ထောင်ဒဏ်၁၇နှစ်ချလိုက်ကြောင်း သိရသည်။

မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်၊ကွမ်ရိုက်ရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကပ်ထားသော တရားမဝင်ရွေး ကောက်ပွဲဝင်မည့် အမတ်လောင်းများစာရင်းစာရွက်ကို ယင်းရွာနေ အသက်၆၅နှစ်အရွယ်ရှိ ဦး ကျော်မြင့်က နိုဝင်ဘာ၄ရက်၌ ဆွဲဖြဲခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ၁၉ရက်တွင် မော်လမြိုင်ခရိုင်တရားရုံးက ထောင်ဒဏ်၁၇နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ဦးကျော်မြင့်က စာရွက်ဆွဲဖြဲခဲ့တာ မှန်တယ်။ဒါပေမဲ့၊ဘာနိုင်ငံရေးရည်ရွယ်ချက်မှ မပါဘူး။သူက ဘာ နိုင်ငံရေးမှလည်း မသိဘူး။နေ့တိုင်း မူးနေတာ။အဲဒါကိုပဲ ရက်ရက်စက်စက် ၁၇နှစ်တောင် ချပစ်တာ” ဟု ချောင်းဆုံမြို့နယ်၊ကလွီရွာသားတစ်ဦးက MPAသို့ ပြောသည်။

ဦးကျော်မြင့်ကို ရွေးကောက်ပွဲ ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၆(က)/၂၄(က) ဖြင့် အမှုဖွင့်တရားစွဲခဲ့ပြီး ရွေးကာဥပဒေ၊ဝတ္တရားနှောက်ယှက်မှုအပါအဝင် အမှု၃မှုဖြင့် ထောင်ဒဏ် ၁၇နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

“တမင်ကို စံပြ ပုံစံပေးတဲ့အနေနဲ့ ၁၇နှစ်တောင် ချလိုက်တာ။အောင်ကြည်သိန်း(မွန်ဝန်ကြီးချုပ်)အ နေနဲ့ တစ်ရွာတည်းသားကို အဲလောက်လုပ်တာကြီးက တော်တော်ဆိုးလွန်းတယ်။တရားရုံးက အမိန့် ချတယ်ဆိုပေမဲ့ အောင်ကြည်သိန်းက အမှုမကြီးကြီးအောင်လုပ်ခိုင်းပြီး ဒီလောက်ထောင်ချပစ်တာ လူတိုင်းသိတယ်”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။

အသက်၆၅နှစ်အရွယ်ရှိသူတစ်ဦးကို ထောင်၁၇နှစ်ချခြင်းမှာ သေဒဏ်ပေးသည်နှင့်မခြားကြောင်း ၎င်း က ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် ရွေးကာဥပဒေဖြင့် ဖမ်းဆီးခြင်းခံရသူ အယောက်၁၀၀ နီးပါးရှိပြီဖြစ်ကြောင်း စစ်ကော်မရှင် ပြန်ကြားရေး၏ ထုတ်ပြန်ချက်များအရ သိရသည်။

စာတည်း-ML