မကွေးတိုင်း ၊ ချောက်မြို့နယ်တွင် နိုင်ငံရေးအကျဉ်းသားများ တင်ဆောင်လာသည့်ကားနောက်မှ လုံခြုံရေးယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ပြီး ထောင်ဒဏ် နှစ်၂၃၀ကျော် ချမှတ်ခံထားရသော မြို့ပြပြောက်ကျားရဲဘော်တစ်ဦးအား ကယ်ထုတ်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၉ ရက်၊ နံနက် ၇ နာရီခန့်တွင် ချောက်မြို့မ ရဲစခန်းမှ ထွက်လာသော နိုင်ငံရေးအကျဉ်း သား ၅ ဦးကို တင်ဆောင်လာသည့် အန်စာတုံးကားတစ်စီးနှင့် လုံခြုံရေးလိုက်ပါလာသော မက်တူး ကားတို့ အမှတ် ၃ ပြည်ထောင်စုလမ်းပိုင်းတစ်နေရာသို့ ရောက်ရှိချိန်၌ လုံခြုံရေးကားကို ဦးတည်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အန်စာတုံးကားပေါ် ပါလာသော ထောင်ဒဏ် ၂၂၃နှစ် ချမှတ်ခံထားရသူ Chauk Guerrilla Force(ချောက်မြို့နယ် ပကဖ လက်ရုံးစစ်ကြောင်း)မှ မြို့ပြ UG ဦးဆောင်သူ ရဲဘော်နက်ရှိုင်း(ခ)မိုးညိုအား ကယ်ထုတ်နိုင်ခဲ့ကြောင်း ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ယနေ့(နိုဝင်ဘာ ၂၁ ရက်) သတင်းထုတ်ပြန်ထားသည်။
“ကျနော်တို့ သတင်းရလို့ စောင့်ပြီး တိုက်ခိုက်နိုင်ခဲ့တာပါ။ကျနော်တို့ ပထမဆုံးကားကတော့ နိုင်ငံ ရေးအကျဉ်းသားတွေပါလာလို့ မိုင်းကလွှတ်ပေးလိုက်တယ်။ လွှတ်ပေးလိုက်ပြီးတော့ ဒုတိယလုံခြုံ ရေးလိုက်ပါလာတဲ့ ကားကိုတော့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ပြီးသွားတော့ကျတော့ ကျနော်တို့ အ လယ်ပွိုင့်ကနေပြီးတော့ ရဲဘော်တွေက အကျဉ်းသားတွေပါလာတဲ့ကားကို ဝင်ရောက်ပစ်ခတ်ခဲ့ တယ်။ပစ်ခတ်တဲ့ အချိန်မျိုးမှာ ပါလာတဲ့ လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသားက ကျတော့ အရင်က တည်းက ရဲဘော်ဟောင်းပေါ့။ ရဲဘော်ဟောင်းဆိုတော့ သူ့အနေနဲ့ ကိုယ့်ရဲဘော်တွေက လာရောက် ကယ်ဆယ်တယ်ဆိုတာ သိတဲ့အတွက် ခုန်ချခဲ့တာပေါ့နော်။တံခါးပေါက်ဘေးမှာလည်း ရှိနေတဲ့အ တွက် သူက ခုန်ချခဲ့တယ်။ ခုန်ချခဲ့တဲ့အချိန်မှာ စစ်တပ်က အဲ့ကားကို ရပ်ပြီးတော့ ပြန်ဆွဲခေါ်ဖို့ ကြိုးစားတယ်။ ပြန်ဆွဲခေါ်ဖို့ ကြိုးစားတဲ့အချိန်မှာပဲ ကျနော်တို့က ဖိပစ်လိုက်တဲ့ အတွက်ပေါ့နော်။ အဲ့ကားကိုပဲ နင်းကန် ဖိပစ်လိုက်တဲ့အတွက် သူတို့ကိုယ်သူတို့ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးသွား ရတယ်ပေါ့။ အကျဉ်းသားကိုတော့ ခေါ်မသွားနိုင်ခဲ့ဘူး ပြောရမှာပေါ့နော်” ချောက် ပကဖမှ တာ ဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုဘကွန်းက MPA သို့ပြောသည်။
လွတ်မြောက်လာသည့် ရဲဘော်နက်ရှိုင်း(ခ)မိုးညိုသည် ကားပေါ်မှ ခုန်ချချိန်တွင် ကတ္တရာလမ်းနှင့် ထိခိုက်မိရာ ဦးခေါင်း ပေါက်ပြဲသွားသဖြင့် ၄ချက် ချုပ်ရပြီး ဘယ်ဘက် ခြေကျင်းဝတ်လည်သွား၍ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
“ဘာလို့ကျန်တဲ့ ၄ ဦးက မလွတ်လာတာလဲဆိုတော့ သူတို့ ၄ ဦးက အတွေ့အကြုံလည်းနည်းတယ်။ရဲဘော်တွေလည်း မဟုတ်ဘူး။ သာမန် ထောက်ပို့တွေနဲ့ အခြားသော အမှုတွေနဲ့ နိုင်ငံရေးအမှုမြောက်ထားတဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့် အတွေ့အကြုံအားနည်းတဲ့ အတွက် သူတို့ခုန်ချ ထွက်ပြေးနိုင်ခြင်း မရှိခဲ့တာဗျ”ဟု ၎င်းကဆက်လက်ပြောသည်။
နိုင်ငံရေးအကျဉ်းသားများ တင်ဆောင်လာသော အန်စာတုံးကားတွင် ရဲ ၆ ဦးပါပြီး လုံခြုံရေးလိုက်ပါလာသည့်ကားတွင် ရဲ ၄ ဦးပါကြောင်း သိရသည်။
ရဲဘော်နက်ရှိုင်း(ခ)မိုးညိုနှင့် နိုင်ငံရေးအကျဉ်းသားများကို ချောက်မြို့မတရားရုံးသို့ ရုံးထုတ်အပြီးတွင် မြို့မရဲစခန်း၌ ချုပ်ထားပြီး ရေနံချောင်းနှင့် မကွေးမြို့ကြားရှိ ဒေါင်းနေထောင်သို့ပြန်ပို့စဉ် ဂွေးပင်နယ်မြေ ရဲစခန်းနှင့် ဂွေးချိုနယ်မြေရဲစခန်းအကြား ချောက်မြို့နယ် အမှတ် ၃ ပြည်ထောင်စုလမ်းကြီးပေါ်၌ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
” မိုင်းဆွဲတိုက်ခိုက်တာရယ် ပစ်ခတ်တိုက်ခိုက်တာရယ်ဆို အလွန်ဆုံး ၁၀ မိနစ်မကျော်ဘူးပေါ့နော်။ အချိန်တိုလေးအတွင်းဆိုတော့ ဘယ်လိုမှကို စစ်ကူလာဖို့လည်း မဖြစ်နိုင်ဘူး”ဟု ၎င်းက ရှင်းပြသည်။
ယင်းဖြစ်စဉ်ပြီးနောက် စစ်တပ်က အမှတ် ၃ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကင်းပတ်ခြင်းနှင့် လုံခြုံရေးတင်းကျပ်ခြင်းများ ရှိသဖြင့် ပြည်သူများအနေဖြင့် တော်လှန်ရေးတပ်များက ထုတ်ပြန်ထားသည့် အချက်များနှင့်အညီ ပူးပေါင်းလိုက်နာကြရန်လည်း ၎င်းကတိုက်တွန်းသည်။
ရဲဘော်နက်ရှိုင်း(ခ)မိုးညိုသည် ၂၀၂၂ ခုနှစ်မှစတင်၍ Chauk Guerrilla Force တွင် မြို့ပြ စစ်ဆင်ရေးများကို ဦးဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၌ ချောက်မြို့ စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ မြို့တော်ဝန် ဦးသန့်ဇင်အား ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး ၎င်းအား ထောင်ဒဏ်နှစ်၂၃၀ကျော် ချမှတ်ထားခြင်းအပြင် နောက်ထပ်အမှုများနှင့်လည်း တရားစွဲထားသဖြင့် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုကို Chauk Guerrilla Force ( ချောက်မြို့နယ် ပကဖ လက်ရုံး စစ်ကြောင်း ) ၊ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Chauk Special Attack Force ( မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေး တပ်ခွဲ – ၅ ) နှင့် Tiger Fighter Force တို့က ပူးပေါင်း ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စာတည်း-ML
