NUG အစိုးရ ဖွင့်ထားသည့် စစ်ကိုင်းအထက်ပိုင်းရှိ ဗန်းမောက်ဆေးရုံကို စစ်တပ်က ဗုံးကြဲခဲ့ရာ တော်လှန်ရေး တပ်ဖွဲ့ဝင် ၄၀ခန့် သေဆုံးဟူသော သတင်းအမှားများ ပျံ့နှံ့လျက်ရှိသည်။
စစ်တပ်လော်ဘီ “ရန်သူ့လှုပ်ရှားမှု သတင်းများ”တယ်လီဂရမ်ချန်နယ်က ၂၀၂၅ နိုဝင်ဘာ ၂၀ရက်တွင် “ဗန်းမောက် ပြည်သူဆေးရုံတွင် ကချင်အကြမ်းဖက်နှင့် လက်အောက်ခံများ ခိုအောင်းနေသဖြင့် လေကြောင်းဖြင့် ဗုံးကြဲ။ K-PDF ၄၀ခန့် ကျဆုံး” ဟု (မူရင်းရေးသားချက်) ဖြန့်ဝေထားသည်။
သတင်းအမှားလင့်ခ် – https://archive.ph/GPlrF
စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်က ဖြန့်ဝေထားသော သတင်းကို အချက်အလက်စစ်ဆေးကြည့်ရာ သတင်း အမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
သက်သေပြချက်
Google တွင် “ဗန်းမောက်ဆေးရုံ ဗုံးကြဲခံရ”ဟု ရေးသားရှာဖွေရာ Myanmar Now, Kachin News Group, မြေလတ်အသံ သတင်းမီဒီယာများက သတင်းဖြစ်စဉ်အမှန်အား ရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ NUG အစိုးရ ဖွင့်လှစ်ထားသော ဗန်းမောက်ပြည်သူ့ဆေးရုံကို နိုဝင်ဘာ ၁၈ရက် ညနေ ၄နာရီခန့်တွင် စစ်တပ်က ဗုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးဒဏ်ကြောင့် လုပ်အားပေး ကျန်းမာရေးဝန်ထမ်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံး ခဲ့ကြောင်း ရေးသားထားသည်။ ထို့ပြင် ဗန်းမောက်မြို့ရှိ NUG ၏ အချုပ်ဆောင်တစ်ခုကိုလည်း ဗုံးကြဲတိုက်ခိုက် ခဲ့ရာ အကျဉ်းသားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေးသားထားကြသည်။
သတင်းလင့်ခ်များ
Myanmar Now – https://bitly.cx/p2uAI
မြေလတ်အသံ – https://bitly.cx/JOQlQ
Kachin News Group – https://bitly.cx/Z8FK5
သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများတွင် NUG အစိုးရ ဖွင့်လှစ်ထားသော ဗန်းမောက်ပြည်သူ့ဆေးရုံကို စစ်တပ်က ဗုံးကြဲခဲ့သဖြင့် ကျန်းမာရေးဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ ကြောင်း ဖော်ပြထားကြသည်။
ဗုံးဒဏ်ကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၀ ခန့်သေဆုံးခဲ့ဟူ၍ ဖော်ပြထားခြင်းမရှိပေ။
ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်က ဖြန့်ဝေထားသော အကြောင်းအရာသည် သတင်းအမှားဖြစ် ကြောင်း သိနိုင်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Editor – Wazza
