ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို လက်လွှတ်ထားရသည့် စစ်ကော်မရှင်တပ်က အင်အားအများအပြားနှင့် စစ်ကြောင်းထိုးရန် ကြိုးစားနေသော်လည်း ရှေ့ဆက်မတိုးနိုင်ဖြစ်နေကြောင်း တောင်လှန်ရေးတပ်များနှင့် စစ်ရှောင် အကူအညီပေးနေသူများထံမှ သိရသည်။
မောတောင်မြို့ကို လက်လွှတ်လိုက်ရပြီး တစ်ရက် အကြာ မှာပင် အင်အားရာချီပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် တနင်္သာရီမြို့ဘက်မှတစ်ဆင့် စစ်ကြောင်းထိုးနေခဲ့ခြင်း ဖြစ်သည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီပူးပေါင်းတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲကြီးကြီး မားမားဖြစ်ပွားခဲ့ခြင်း မရှိသေးသော်လည်း လေကြောင်းအပါအဝင်လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက MPA ကို ပြောသည်။
“သဲဖြူရွာဘက်ကနေ စစ်ကြောင်းထိုးနေတယ်၊ ပြီးတော့ လေကြောင်းကနေ ပစ်တာတော့ ရှိတယ်၊ ဒီမောတောင်မြို့ ဝန်းကျင်ရွာတွေဘက်မှာလေ၊ သတင်းကြားထားတာက စစ်ကြောင်းက တစ်ခုတည်းမဟုတ်ဘူး၊ သုံးကြောင်း ခွဲပြီး ထိုးနေတာ၊ တိုက်ပွဲကတော့ ကြီးကြီးမားမား ဖြစ်တာမျိုးတော့ မရှိသေးဘူး” ဟု ပြောသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကြောင်း သုံးကြောင်းအနက် နှစ်ကြောင်းမှာ မည်သည့်နေရာကို ရောက်ရှိနေကြောင်း မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
မောတောင်မြို့ကို စစ်ကြောင်းထိုးနေသည့်အခြေအနေနှင့် ပတ်သက်ပြီး ကေအဲန်ယူ-တပ်မဟာ ၄ ပြောရေး ဆိုခွင့် ရှိသူနှင့် နယ်မြေအခြေစိုက်တပ်ရင်းတပ်ဖွဲ့အချို့ကို MPA က ဆက်သွယ်မေးမြန်းခဲ့သော်လည်း လုံခြုံရေး အခြေအနေအရ အသေးစိတ်ကိုဖြေဆိုလို့ မရသေးကြောင်း ငြင်းဆန်သည်။
“ထိုးနေတာ ရှိတယ်၊ သူတို့(စစ်တပ်)ဝင်လို့မရဖြစ်နေတယ်၊ ရှေ့တိုးမရဘူးပေါ့၊ လုပ်သင့်လုပ်ထိုက်တာ လုပ်နေပါတယ်” ဟု လတ်တလောစစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
KNU တနင်္သာရီမြို့နယ်၏ဌာနချုပ်ဟောင်းဖြစ်ခဲ့သည့် မောတောင်မြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်တွင် ကရင် ပူးပေါင်းတပ်များက အလုံးစုံသိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း လက်နက်ကြီးလက်နက်ငယ်အများအပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားမှုများရှိသလို စစ်သုံ့ပန်းအများအပြားကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်အတွက် အရေးပါသည့် မောတောင်မြို့ကို လက်လွှတ်လိုက်ရသည့်အပေါ် ကမ်းရိုးတန်း တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန် ကိုယ်တိုင် ဖိအားပေးခံနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ထို့အခြေအနေများကြောင့် မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး လက်နက်နှင့် စစ်သည်အင်အား အားသာ ချက်များဖြင့် ထိုးစစ်ဆင်နွှဲလာနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။
“သူကိုယ်တိုင် ဖိအားပေးခံနေရတဲ့အခြေအနေမှာ မဖြစ်မနေတော့ လုပ်ပြရတော့မယ်၊ ဒါမဟုတ်ရင် သူ့ရဲ့ ရာထူး နေရာ ထိခိုက်လာမယ်လေ၊ အဲဒီတော့ လက်နက်လူအင်အား လိုသလောက် သုံးလို့ရနေတဲ့အခြေအနေမှာ ဒီမောတောမြို့ကို အပြင်းအထန် ထိုးစစ်က ဆင်နွှဲမှာပဲ၊ နယ်မြေအထားအရ တော်လှန်ရေးဘက်က အားသာ နေရင်တောင် သူ့မှာ လေကြောင်းက သုံးလို့ရနေမှာလေ” ဟု စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက သုံးသပ်သည်။
ယခုကဲ့သို့ နှစ်ဖက်စစ်ရေးတင်းမာနေသည့်အချိန်တွင် မောတောင်မြို့ခံများ နေရပ်မပြန်ကြရန် တော်လှန်ရေးတပ်များ က အသိပေးထားသည်။
တစ်ဖက်တွင်လည်း နယ်စပ်တွင် တိမ်းရှောင်သူများ ထိုက်သင့်သည့် ကူညီထောက်ပံ့မှုများ ရရှိနေသော်လည်း တောတောင်၊ဥယျာဉ်ခြံများတွင် တိမ်းရှောင်နေသူများ အကူအညီလိုအပ်နေပြီး ယင်းနေရာများအရောက် စားနပ်ရိက္ခာပို့ဆောင်နိုင်ရေး အခက်အခဲများ ကြုံတွေ့နေရသည်။
“ပြန်ဖို့ မပြောနဲ့ တောထဲ ရှောင်နေတဲ့သူတွေဆို အချို့လောက်ပဲ သွားပို့နိုင်တာ၊ ဒါတောင် သွားလာရေး အခက်အခဲ ရှိနေတယ်၊ ဟိုး.. မောတောင်မြို့အနီးဝန်းကျင်က ရွာတွေဆို ဘယ်လိုမှ သွားမရဘူးဖြစ်နေတယ်။ သူတို့ဆို ဘာရိက္ခာမှ မရောက်နေဘူး။ ဒုက္ခရောက်နေကြတာ” ဟု မောတောင်စစ်ဘေးရှောင်များ ကူညီနေသူတစ်ဦးက ပြောသည်။
တနင်္သာရီတိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ထီးခီး၊ မောတောင်၊ ကော့ သောင်း နယ်စပ်ကုန်သွယ်ရေးစခန်း(၃)ခုရှိပြီး ကော့သောင်းနယ်စပ်ကလွဲ၍ ကျန်နယ်စပ်နှစ်ခုစလုံးကို တော်လှန် ရေး ပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်။
စာတည်း-ကိုဆန်း
