တရားမဝင်ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်နေသောကာလတွင် လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်မြင့်တက်လာကြောင်း NUGအစိုးရက သတင်းထုတ်ပြန်သည်။
စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုသည် အင်အားပြင်းငလျင်ဒဏ် ခံစားနေရသည့်ကာလ ဧပြီတွင် ၅၀၈ ကြိမ်အထိ စံချိန်တင်ခဲ့ပြီး တရားမဝင်ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေသော ဩဂုတ် တွင် ၄၉၃ကြိမ်ရှိကာ ဇူလိုင်တွင် ၄၆၅ကြိမ်ရှိကြောင်း NUGအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့(ဩဂုတ်၄ရက်)သတင်းထုတ်ပြန်သည်။
“လေကြောင်းတိုက်ခိုက်မှုကတော့ PDFတွေ၊ တိုက်ပွဲဖြစ်နေတဲ့နေရာတွေကို လေကြောင်းတိုက် တာမျိုး မဟုတ်ဘဲနဲ့ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း ကြောက်ခမန်းလိလိပဲဆိုတော့ ပြည်သူကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု အများဆုံးနေရာတွေမှာ ပြည်သူတွေ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် NUGအနေနဲ့ ပံ့ပိုးပေးနိုင်ရင် ကောင်းမယ်”ဟု ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေး ဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
၂၀၂၅ခုနှစ်၊ဇန်နဝါရီတွင် လေကြောင်းတိုက်ခိုက်မှု ၂၄၇ကြိမ်သာရှိခဲ့ရာမှာ အရေးပေါ်အခြေအနေ ၇ကြိမ်မြောက်သက်တမ်း ထပ်တိုးလိုက်သည့် ဖေဖော်ဝါရီတွင် ၄၃၆ ကြိမ်အထိ သိသိသာသာ မြင့်တက်ခဲ့ကြောင်းနှင့် စစ်အုပ်စုသည် မတရား အာဏာတည်မြဲရေးအတွက် အရေးပေါ်အခြေအနေ သက်တမ်းထပ်တိုးပြီးတိုင်း လေကြောင်းတိုက်ခိုက်မှုများ ပိုမို ပြင်းထန်စွာပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခုနှစ်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူသေဆုံးမှုမှာ မေလတွင် အများဆုံး ဖြစ်ပြီး ၄၃၉ဦးရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
