ကျွန်းစုတွင် လက်နက်ခဲယမ်းလာပို့သည့် ကားကို ပကဖ ဖြတ်တိုက်၊ ၅ ဦးသေဆုံးဟုဆို

ဓာတ်ပုံ - ကျွန်းစုမြို့နယ် ပကဖ
ပုံစာ - သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ

တနင်္သာရီတိုင်း ၊ ကျွန်းစုမြို့နယ်တွင် လက်နက်ခဲယမ်းလာပို့သည့် စစ်အုပ်စုကားကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၃ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်တွင် ကျွန်းစုမြို့နယ် ၊ ဘုရားထွက်ရွာမှ ရဲနှင့်ပျူစောထီး ပူးပေါင်း အင်အား ၁၅ ဦးခန့်ပါ Light Truck အမျိုးအစား ကား ၂ စီးဖြင့် ပဲ့တိုင်ရွာပျူစောထီးစခန်းသို့ လက်နက်ခဲယမ်းလာပို့သည်ဟု သတင်းရရှိသဖြင့် ယမုံရွာအနီးရှိ ရွာချင်းဆက်လမ်းပိုင်း၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေဆုံးနှင့်ဒဏ်ရာရ မှုများကို ဒေသခံနှင့် မြေပြင်ရဲဘော်များ၏ သတင်းပေးပို့ချက်အရ အတည်ပြုနိုင်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။

“အင်အား ၁၅ ခန့်။ မိုင်းမဆွဲဘူး။ ၄၀ မမ နဲ့လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ပြန်ပစ်တာမျိုးတော့ ရှိတယ်။ မိနစ် ၂၀ ခန့်ကြာတယ်”ဟု ကျွန်းစုမြို့နယ် ပကဖ၊ ပြန်ကြားရေးမှ ရဲဘော်ငါးမန်းက MPA သို့ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် ရှေ့ဆုံးကား၌ပါလာသည့် ရဲနှင့် ပျူစောထီးများ ကားပေါ်မှ ဆင်းပြေးစဉ် တော်လှန်ရေးတပ်များ၏ ပိတ်ဆို့ပစ်ခတ်မှုကြောင့် ပျူ‌စောထီးအချို့မှာ ဒဏ်ရာများဖြင့် အနီးရှိ ခဲမိုင်းချောင်းသို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။

ရဲနှင့် ပျူစောထီးတို့ဆင်းပြေးခဲ့သည့် ကားကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး ကားအတွင်း ပါလာသည့် ၆၀ မမ မော်တာပြောင်း တစ်ခု၊ ၆၀ မမ အဖူး ၅ ခု ၊ 9မမ ကျည် ၃၈ တောင့် ၊ နာနတ်သီးလက်ပစ်ဗုံး ၂ လုံး၊ အူဇီကျည်ဘောက် ၂ ခု ၊ ဓါးမြှောင် တစ်ချောင်း၊ဖုန်း တစ်လုံးနှင့် ပျူစောထီးယူနီဖောင်း တစ်စုံတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ဆုတ်လာပြီးမှ ကျန်ကားတော့ မဝင်ဘူး။ တခြား နေရာကနေ ဝင်တာမျိုးတော့ရှိတယ်။ ရေလမ်းဘက်ကပါ။ ကြည်း‌လှေနဲ့ ပျူတချို့ရယ် ၊ စစ်သင်္ဘော ၂ စီး ပဲ့တိုင်ရှေ့ရောက်လာတယ်။ ဘုရားထွက် ၊ သဇင် ၊ ပဲ့တိုင် ပျူရွာတွေပါ”ဟု ၎င်းက ဆက်လက်ပြောသည်။

ပဲ့တိုင်ရွာရှိ ပျူစောထီးအထိုင်စခန်းတွင် အင်အား ၂၈ ဦးခန့်ရှိပြီး ယနေ့(နိုဝင်ဘာ ၂၄ ရက်) နံနက်ပိုင်းက ပဲ့တိုင်ရွာအနီးသို့ စစ်‌သင်္ဘော ၂ စီး ဆိုက်ကပ်လာကြောင်း သိရသည်။

ယင်းတိုက်ပွဲအပြီးတွင် ကားဒရိုင်ဘာ တစ်ဦးနှင့် ပျူစောထီးအဖွဲ့ဝင်ဟောင်းဆိုသူ တစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပကဖနှင့် မြိတ်ခရိုင် ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ကျွန်းစုမြို့နယ်အတွင်းရှိ ပဲ့တိုင်နှင့် ယမုံကျေးရွာဘက်သို့ ‌နယ်မြေကွင်းဆင်းစဉ် သတင်းရရှိသဖြင့် တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲနှင့်ပျူစောထီးများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။