KIA ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် နှစ်နှစ်အရွယ် ကလေးငယ် သေဆုံးဆိုသော သတင်းအမှား

KIA ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် ကလေးငယ်တစ်ဦး သေဆုံးဟုဆိုသည့် အကြောင်း အရာ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။

“KO CHIT (MDY)” တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၂၁ ရက် နံနက် ၈ နာရီတွင် ကချင်ပြည်နယ်၊ ဖားကန့် မြို့၊ ဆိပ်မူရပ်ကွက် (၁) နှင့် (၃) တွင် KIA က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ခဲ့ကြောင်း၊ လက်နက်ကြီးကျည်ကြောင့် အသက် နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ပြည်သူတချို့ ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေထားသည်။

အဆိုပါအကြောင်းအရာအား “MDY image, U Nay Win” အပြင် အခြား စစ်ကော်မရှင် ဝါဒဖြန့် တယ်လီ ဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှု များပြားနေသည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.md/uEabb
MDY image – https://archive.md/X9pyX
U Nay Win – https://archive.md/X9pyX

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

သတင်းစိစစ်ချက်

အထက်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ “Shwe Phee Myay” သတင်းမီဒီယာက ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။

Shwe Phee Myay က နိုဝင်ဘာ ၂၀ ရက် ည ၁၁ နာရီ ၂၂ မိနစ်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိပ်မူ ရပ်ကွက် (၁)၊ ဆိပ်မူ ရပ်ကွက် ( ၃ ) နှင့် စန်းသီတာကုန်းသို့ စစ်တပ်ဘက်က ပစ်ခတ်လိုက်သည့် လက်နက် ကြီးကျရောက်ခဲ့ကြောင်း၊ လက်နက်ကြီးကျည်ကြောင့် အသက် နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး ပြီး ၊ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ နေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ် ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအသံများနှင့်တကွ ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/udJ2

အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ဖားကန့် ဆိပ်မူ လက်နက်ကြီးကျ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “DVB, Mizzima” သတင်းဌာနတို့က သတင်းရေးထားသည်။

DVB တွင် နိုဝင်ဘာ ၂၀ ရက် ည ၁၁ နာရီဝန်းကျင်က ကချင်ပြည်နယ်၊ ဖားကန့်မြို့ စစ်ကောင်စီ ဗျူဟာကုန်း ကနေ လက်နက်ကြီး ၁၀ လုံး ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီးကျည်များမှာ ဆိပ်မူရပ်ကွက် ၁၊ ဆိပ်မူရပ် ကွက် ၃ နှင့် စန်းသီတာကုန်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် အသက် နှစ်နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/c43zi

Mizzima တွင် နိုဝင်ဘာ ၂၀ ရက် ည ၁၁ နာရီခွဲ၌ ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်ဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် အသက်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း၊ စစ်တပ်ဘက်က ဆိပ်မူကျေးရွာဘက်သို့ လက်နက်ကြီး ၁၀ လုံးကျော် ပစ်ခတ်ခဲ့ရာ တစ်လုံးမှာ နေအိမ်ပေါ်သို့ တည့်တည့်ကျပြီး ကလေးငယ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေသခံ ငါးဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံအသံများနှင့်တကွ ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/8fFk

သုံးသပ်ချက်

သတင်းမီဒီယာများတွင် ဖားကန့်မြို့ ဆိပ်မူရပ်ကွက်သို့ စစ်တပ်ဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ကြောင့် အသက်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “KIA က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ကလေးငယ်တစ်ဦး သေဆုံး” ဟု ဖြန့်ဝေထားသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။