အခါလွန်မိုးကြောင့် ထီးလင်းမြို့၌ ရိတ်သိမ်းခါနီး စပါးအပြင် ပဲခင်းများလည်း ပျက်စီး

ဓာတ်ပုံ-MPA
ပုံစာ- ထီးလင်းမြို့နယ်အတွင်းရှိ ရိတ်သိမ်းထားသည့် စပါးခင်းအား တွေ့ရစဥ်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် အခါလွန်မိုးကြောင့် ရိတ်သိမ်းခါနီး စပါးသာမက စားတော်ပဲမျိုးများလည်း ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းခါနီးစပါးများ ပျက်စီးခဲ့ရသည့်အပြင် မျိုးကြဲထားသည့် စားတော်ပဲမျိုးများလည်း ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

“စပါးတွေမှည့်နေမှ မိုးရွာတော့ စပါးကပျက်သွားတယ်။ မရိတ်ရသေးတဲ့ အခင်းတွေကတော့ ပြဿနာသိပ်မရှိဘူး။ ရိတ်ပြီးသားအခင်းတွေက ဒုက္ခရောက်တာပေါ့၊ အခြောက်ပြန်လှန်းလည်း စပါးကမလှတော့ဘူးလေ” ဟု ထီးလင်းမြို့နယ်အတွင်း နေထိုင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။

ထို့ပြင် ရိတ်သိမ်းထားသည့် ကောက်ရိုးများမှာ ကျွဲ၊ နွားစသည့် တိရစ္ဆာန်များ စားသောက်ရာ၌ မရှိမဖြစ်လိုအပ်ပြီး ယခုကဲ့ အချိန်အခါမဟုတ် မိုးရွားသွန်းမှုကြောင့် ကောက်ရိုးများ ပျက်စီးကာ မွေးမြူရေးလုပ်ငန်း၌လည်း စားနပ်ရိက္ခာ ထိခိုက်လာကြောင်း သိရသည်။

“မိုးစိုသွားတဲ့ ကောက်ရိုးက နွားမစားဘူး။ ဆန်ကလည်း မလှတော့ဘူး။ ရောင်းလို့လည်းမရ၊ စားလို့လည်းမရ ဖြစ်တာပေါ့။ မိုးရွာလိုက်တာက ရိတ်ပြီးသား စပါးခင်းတော်တော်များများ ထိသွားတယ်” ဟု အသက် ၆၀ အရွယ် ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းထားသည့် စပါးခင်းများ၌ မျိုးကြဲထားသည့် စားတော်ပဲမျိုးများမှာလည်း အလုံးစုံပျက်စီးခဲ့ရကြောင်း သိရသည်။

“စားတော်ပဲမျိုးက တစ်တင်းကို ၁၆၀၀၀၀ ရှိတယ်။ တစ်ရွာလုံးဆိုရင် တင်း ၅၀ လောက် ဆုံးရှုံးတာပေါ့။ အကုန်လုံး အစကနေ ပြန်ပြီး လုပ်ရမှာ” ဟု ထီးလင်းမြို့နယ်အရှေ့ခြမ်းမှ တောင်သူအမျိုးသမီးတစ်ဦးက ဆိုသည်။

ထီးလင်းမြို့နယ်တွင် ဆင်းသုခ၊ ဧရာမင်း၊ ပခန်း၊ ထိုင်းနှံကောက်၊ မနောသုခ၊ ဧရာမင်းစပါးမျိုးများကို အများဆုံး စိုက်ပျိုးကြပြီး၊ ကြက်သွန်၊ စားတော်ပဲ၊ မုန်ညှင်း၊ ကုလားပဲ၊ မြေပဲ၊ ဝါ၊ ပြောင်းဖူး၊ နေကြာနှင့် ပဲစင်းငုံ စသည့် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးကြသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ငွေကြေးဖောင်းပွမှုအပြင် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန် ကုန်စျေးနှုန်းများမြင့်တက်လာသော်လည်း၊ တောင်သူများ၏ စိုက်ပျိုးမှု အထွေထွေကုန်ကျစရိတ်မှာ လေးဆကျော်မြင့်တက်လာသည့်အတွက် အမြတ်ရငွေ နည်းပါးလာကြောင်း ဒေသခံ တောင်သူများက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း၌လည်း မိုးစပါးရိတ်သိမ်းသည့်အချိန်တွင် ဒေသတွင်း၌ တိုက်ပွဲများ ဖြစ်ပွားခြင်း၊ စက်သုံးဆီစျေး မြင့်တက်ခြင်း၊ စပါးရိတ်ခြွေစက် ငှားရမ်းခ စျေးကြီးခြင်း၊ ပခုက္ကူ – ဆော လမ်းပိုင်းကို စစ်ကောင်စီက ပိတ်ဆို့ထား၍ လယ်ယာသုံးဆေးပစ္စည်းများ စျေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် ကောင်းမွန်စွာ ရိတ်သိမ်းနိုင်ခြင်း မရှိကြောင်း သိရသည်။