တရားမဝင်မွန်ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် မော်လမြိုင်မြို့ပေါ်တွင် ဖွင့်လှစ်နေသော အမိန့်ရလောင်းကစားဝိုင်းများကို ရွေးကောက်ပွဲနားနီးမှ ပိတ်သိမ်းမည်ဟု သိရသည်။
မွန်ပြည်နယ်၊မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ဘာသာရေးခေါင်းစဉ်တစ်ခုခုတပ်ကာ ဇာတ်ပွဲ သွင်း၍ လောင်းကစားဝိုင်းခင်းခြင်းကို သီတင်းမကျွတ်ခင်ကစပြီး ယနေ့ထိတိုင် ပြုလုပ်လျက်ရှိပြီး ဒီဇင်ဘာဒုတိယပတ်ဝန်းကျင်မှ ရပ်နားမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့ထံက သိရကြောင်း မော်လမြိုင်မြို့နေ လူမှုကူညီရေးသမားတစ်ဦးက ဆိုသည်။
“အခုအချိန်ထိ လောင်းကစားဝိုင်းတွေ စည်စည်ကားကားပဲ။ဒီဇင်ဘာဒုတိယပတ်အတွင်းလောက်မှ နားမယ်လို့ ပြောတယ်။ဒိုင်(လောင်းကစားဒိုင်)တွေလည်း မနားချင်ဘူး။အုပ်ကြီးကစပြီး ဝန်ကြီးချုပ် အထိ လိုင်းကြေးတွေ မြိုးမြိုးမြက်မြက်ရလို့ မနားချင်ဘူး။ရွေးကောက်ပွဲကြောင့် နားမှာ”ဟု ၎င်းက MPAသို့ပြောသည်။
ရွေးကောက်ပွဲပြီးလျှင် ယခုကဲ့သို့ လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်၍ရ၊မရကိုမူ မသိရသေး ပေ။
“အခုဖွင့်လို့ရတုန်း သိမ်းကျုံးငွေရှာနေကြတဲ့သဘောပဲ။ရွေးကောက်ပွဲနောက်ပိုင်းကိစ္စ ဘယ်သူမှ ဘာ မှမပြောနိုင်သေးဘူးဆိုတော့”ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုအခါ မော်လမြိုင်မြို့တွင်း အမိန့်ရလောင်းကစားဝိုင်းများမှာ ထမင်းစားရေသောက်ပမာဖြစ်နေပြီး မထူးဆန်းတော့ပေ။
မော်လမြိုင်မြို့ပေါ်ရပ်ကွက်များတွင် ဘာသာရေးအကြောင်းပြချက်ဖြင့် ဇာတ်ပွဲသွင်း၍ လောင်းက စားဝိုင်းပြုလုပ်ခြင်းကို ၂၀၂၄ခုနှစ်၊နိုဝင်ဘာ၁၅ရက်(တန်ဆောင်တိုင်လပြည့်)က စတင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဝါဝင်ချိန်၌ ခေတ္တနားခဲ့ကာ သီတင်းမကျွတ်မီ ပြန်လည်စတင်ခဲ့သည်။
မွန်ပြည်နယ်အတွင်း ပြုလုပ်နေသော လောင်းကစားဝိုင်းများမှာ အနီထောင်၊ဖဲ၊ဂလုတ်ဂလုတ်နှင့် အရုပ်လှည့်ခြင်းတို့ဖြစ်သည်။
