မွန်ပြည်နယ်အတွင်းရှိ စစ်ကော်မရှင်လက်အောက်ခံ Non CDM ဝန်ထမ်းများကို သက်ဆိုင်ရာဌာန များက မဲစာရင်းနံပါတ် ပြန်လည်တင်ပြခိုင်းကြောင်း သိရသည်။
မွန်ပြည်နယ်၊မော်လမြိုင်၊ချောင်းဆုံနှင့် သထုံမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းများကို မဲစာရင်း မကြည့်မနေရဟု သတ်မှတ်ထားသည့်အပြင် တစ်ဦးချင်းစီ၏ မဲစာရင်းနံပါတ်ကိုပါ ဌာနအကြီးအကဲ များသို့ ပြန်လည်တင်ပြရကြောင်း ဒေသခံများထံက သိရသည်။
“မဲစာရင်း ကြည့်ကိုကြည့်ရအောင်လို့ မဲစာရင်းမှာပါတဲ့ ကိုယ့်ရဲ့နံပါတ်ကို ကိုယ့်ဌာနမှာ ပြန်တင်ပြရ တာလို့ သထုံမှာ သိရတယ်”ဟု မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင်က MPAသို့ပြောသည်။
Non CDM ဝန်ထမ်းအချို့မှာ မဲစာရင်းလည်း သွားမကြည့်ချင်သလို မဲလည်း မထည့်ချင်သော်လည်း ဖိအားပေးမှုများအရ သွားကြည့်ရကြောင်း သထုံမြို့၊ဘင်လှိုင်ရပ်ကွက်သားတစ်ဦးက ပြောသည်။
“ဆရာမတစ်ယောက်ဆီကနေ သိရတာ ပထမအကြိမ်မဲစာရင်းကပ်တုန်းကရော အခုဒုတိယအကြိမ် ရော မဲစာရင်းနံပါတ်တောင်းလို့ သွားကြည့်ရတယ်။တစ်ဖက်မှာလည်း ပြည်သူတွေနဲ့ PDF တွေ အထင်အမြင်လွဲမှာလည်း သူတို့ကြောက်ကြတယ်”ဟု ၎င်းက ပြောသည်။
မော်လမြိုင်၊ချောင်းဆုံနှင့်သထုံမြို့နယ်တို့တွင် စစ်ကော်မရှင်အနွယ်၊ကြံ့ဖွံ့နှင့် ဝန်ထမ်းများသာ မဲစာ ရင်းကြည့်ကြပြီး ပြည်သူများ သွားရောက်ကြည့်ရှုမှု အလွန်နည်းကြောင်း သိရသည်။
“ကျနော်သေချာသိတာက မော်လမြိုင်နဲ့ ချောင်းဆုံပေါ့။ဝန်ထမ်းတွေ မဲစာရင်းနံပါတ် ပြန်ပြောရတာ။ မွန်ပြည်နယ်တစ်ခုလုံးလည်း အဲလိုပဲ နံပါတ်ပြန်ပြောရတာပါပဲ။မဲစာရင်းကို သွားမကြည့်တာကတော့ မွန်ပြည်နယ်တစ်ခုလုံးပဲ”ဟု ရပ်ကျေးအုပ်ချုပ်ရေးနှင့်နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။
ဒုတိယအကြိမ်မဲစာရင်းကို နိုဝင်ဘာ၂၁ရက်မှ ဒီဇင်ဘာ၄ရက်အထိ ကပ်ထားမည်ဖြစ်ကြောင်း တရား မဝင်ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။
