မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့် ငလျင်ကို မန္တလေးမြို့ခံများ သိသိသာသာခံစားခဲ့ရပြီး စိုးရိမ် ထိတ်လန့်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယနေ့( စက်တင်ဘာ ၄ရက်)၊ နံနက် ၁၁နာရီခန့်က ကျောက်ဆည်မြို့၏ အနောက်-အနောက်တောင်ဘက် ၇ မိုင်ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ဒသမ၂ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယနေ့လှုပ်ခတ်ခဲ့သည့်ငလျင်ကို ကျောက်ဆည်၊ မန္တလေး၊ ဝမ်းတွင်းမြို့နယ်များ၌ သိသိသာသာ သိရှိခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
“အထက်အောက် ပုံစံနဲ့ ဆွဲချသလိုတုန်ခါသွားတာ၊ တစ်ကြိမ်ပဲလှုပ်လိုက်လို့ ရုံးအပြင်တောင်ထွက်ပြေးရတယ်။ ကျမတို့အတွက်တော့ ငလျင်ဆိုတာနဲ့ သေရာပါမယ့် စိတ်ဒဏ်ရာလိုဖြစ်နေပြီ၊ ရပ်ပါတော့ ငလျင်ရေ” ဟု မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကပြောသည်။
ယမန်နေ့(စက်တင်ဘာ ၃ရက်)၊ ညနေ ငါးနာရီခန့်ကလည်း မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့၏ အနောက်ဘက် သုံးမိုင်ခန့်အကွာ၊ အနက် ၁၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ဒသမ၅ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့သေးသည်။
“မနေ့က လှုပ်တာတော့ သိပ်မသိသာဘူး။ ဒီနေ့လှုပ်တာကတော့ တော်တော်လေးပြင်းတယ်ပြောရမယ်။ ရမ်းခါနေတာပဲ” ဟု ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးကပြောသည်။
ယခုလှုပ်ခတ်ခဲ့သည့် ငလျင်များသည် မတ် ၂၈ရက်က မန္တလေးမြို့အနီးကို ဗဟိုပြုလုပ်ခတ်ခဲသည့် အင်အားပြင်းငလျင်များ၏ နောက်ဆက်တွဲ ငလျင်များသာဖြစ်ကြောင်း မြေငလျင်ပညာရှင် ဒေါက်တာမျိုးသန့်က ပြောသည်။
“ဒီငလျင်ကြောင့် စစ်ကိုင်းပြတ်ရွေ့ ရွေ့ပြတ်သွားတဲ့ အလျားက ကီလိုမီတာ ၅၀၀လောက်ရှိတာကို၊ စဉ့်ကူးမြောက်ဘက်ကနေ တောင်ဘက် ဖြူးနားလောက်ထိရှိတာ၊ စစ်ကိုင်းပြတ်ရွေ့ရဲ့ အပိုင်းငါးပိုင်းလောက်ကို ရွေ့ပြတ်ပြီးလှုပ်သွားတာဖြစ်တဲ့အတွက် တောက်လျှောက်လှုပ်နေမှာဘဲ၊ မြေအောက်အနက် ကီလိုမီတာ ၂၀ ဝန်းကျင် တောက်လျှောက်လှုပ်နေမှာဘဲ၊ နှစ်ချီပြီး ကြာနိုင်ပါတယ်။ မန္တလေး၊ သပိတ်ကျင်း၊ ကျောက်ဆည်၊ ဖြူးနားလောက်တောက်လျှောက်လှုပ်နေမှာ၊ ငလျင်အကြီးကြီးရဲ့ ဗဟိုဖြစ်တဲ့ မန္တလေးနဲ့ စစ်ကိုင်းပတ်ချာလည်က ပိုလှုပ်နေမှာ။ ပြင်အား ၅နဲ့ အောက်တွေက တောက်လျှောက်လှုပ်နေမှာ” ဟု ဒေါက်တာမျိုးသန့်က ပြောသည်။
မတ် ၂၈ရက်က လှုပ်ခတ်ခဲ့သည့် အင်အားရစ်ချ်တာစကေး ၇ဒသမ၇ ရှိ ငလျင်ကြီးကြောင့် မန္တလေး၊ စစ်ကိုင်း၊ ရှမ်းတောင်၊ ပဲခူး အစရှိသည့်ဒေသများတွင် ပြည်သူများစွာ သေဆုံးခဲ့ရပြီး၊ သာသနိကအဆောက်အအုံ၊ ဆေးရုံ၊ ကျောင်းနှင့် လူနေအိမ်များစွာ ပျက်စီးခဲ့ရသည်။
၂၀၂၅ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီး၏ သက်ရောက်မှုဒဏ်ကို စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ် နှင့် နေပြည်တော်တို့တွင် နေထိုင်သည့် လူဦးရေ ၁၇ သန်းရင်ဆိုင်ခဲ့ရကြောင်း ISP မြန်မာက ထုတ်ပြန်ခဲ့သေးသည်။
မြန်မာနိုင်ငံသည် ငလျင်အန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် ဘူမိအနေအထားများတွင် ရှိသည်ဟု ပညာရှင်များက သတ်မှတ်ထားသည်။ ယင်းတွင် ငလျင်ဖြစ်ရာနယ်ပယ်များဖြစ်သည့် အနောက်ဘက်တောင်တန်းရပ်ဝန်း၊ အလယ်ပိုင်း မြေနိမ့်လွင်ပြင်၊ အရှေ့ဘက် ကုန်းမြင့်ရပ်ဝန်းနှင့် အက်ဒမန်ပင်လယ် အောက်ကြမ်းပြင်တို့တွင် စောက် (ဇောက်) တိမ်၊ စောက်နက် ငလျင်များ မကြာခဏလှုပ်ခတ်လေ့ရှိသည်ဟု ဆိုကြသည်။ ထိုလေးနေရာအနက် အလယ်ပိုင်း မြေနိမ့်လွင်ပြင်ရှိ စစ်ကိုင်းပြတ်ရွေ့နှင့် အရှေ့ဘက် ကုန်းမြင့် ရပ်ဝန်းရှိ ကျောက်ကြမ်းပြတ်ရွေ့၊ ရခိုင်ကမ်းရိုးတန်း အနောက်ဖက်တလျှောက်ရှိသည့် အင်ဒမန်-ဆူမာတြားပြတ်ရွေ့ တို့မှာ ပိုမိုအသက်ဝင်လှုပ်ရှားသည့် ပြတ်ရွေ့များအဖြစ် သတ်မှတ်ထားသည်။
မြန်မာနိုင်ငံတွင် ငလျင်ရှုထောင့်အရ အရေးပါသော ပြတ်ရွေ့ကြီးများမှာ အနောက်ပိုင်းတောင်တန်းတစ်လျှောက်ရှိ လျှောတင်ပြတ်ရွေ့များ၊ မြန်မာနိုင်ငံအနောက်ဘက် ကဘောချိုင့်ဝှမ်းတစ်လျှောက်ရှိ ကဘော်ပြတ်ရွေ့၊ စစ်ကိုင်းပြတ်ရွေ့နှင့် နောင်ချို အနောက်ဘက်ရှိ ကျောက်ကြမ်းပြတ်ရွေ့တို့ ဖြစ်ကြသည်။
