အရှေ့တောင်အာရှဒေသတစ်ဝန်းတွင် စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့်အတူ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဟတ်ယိုင်မြို့တွင် နှစ်ပေါင်း ၃၀၀ အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှု ဖြစ်ပေါ်လျက်ရှိရာ ထိုဒေသရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း ရေဘေးဒဏ်ကို အပြင်းအထန် ခံစားနေရကြောင်း သိရသည်။
ယခု သီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရေလွှမ်းမိုးမှုအတွင်း စက်ရုံအလုပ်ရုံများအားလုံး ပိတ်ထားရပြီး မြန်မာလုပ်သားအများစုမှာ နေထိုင်စားသောက်ရေး အခက်အခဲများအပြင် တရားဝင် နေထိုင်ခွင့်အထောက်အထား စာရွက်စာတမ်းများ ရေထဲပါသွားမည်ကို အထူးစိုးရိမ်ပူပန်နေကြသည်။
မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (Worker Alliance Group – WAG) မှ ကိုမုန်တိုင်းက လက်ရှိအခြေအနေနှင့် ပတ်သက်၍ “ဒီလောက်ကြီး ဖြစ်မယ်လို့ ဘယ်သူမှ မထင်ထားကြဘူး။ ရေမြှုပ်တဲ့နေရာမှန်သမျှ စက်ရုံတွေ အကုန်ပိတ်ထားတယ်။ စားဖို့ထက်စာရင် စာရွက်စာတမ်းတွေ ပါသွားလို့ ပိုစိုးရိမ်နေကြတယ်”ဟု ပြောကြားသည်။
ရွှေ့ပြောင်းလုပ်သားများအတွက် စာရွက်စာတမ်း အထောက်အထားသည် အသက်တမျှ အရေးကြီးလှသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ အသေးစိပ် အခြေအနေကို အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (Labour Rights Foundation) သို့ MPA အနေနှင့် ဆက်သွယ်ကြည့်ရာ “ဟတ်ယိုင်ရုံးနဲ့ အဆက်အသွယ်မရသေး”ဟု ပြန်လည်ဖြေကြားသည်။
လက်ရှိတွင် ထိုင်းအာဏာပိုင်များနှင့် စစ်တပ်က ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီး ဟတ်ယိုင်မြို့တည်ရှိရာ ဆုန်ခလာဒေသကို ဘေးအန္တရာယ်ကျရောက်ရာဇုန်အဖြစ် ကြေညာထားသည်။ သို့သော် နေရာအနှံ့အပြားသို့ ကယ်ဆယ်ရေးအဖွဲ့များ မရောက်ရှိနိုင်သေးပေ။
ဟတ်ယိုင်မြို့သို့ သွားရောက်ကူညီသူ မြန်မာတစ်ဦးက “မြို့ဝင်လမ်းတွေ ပိတ်ထားလို့ လမ်းပတ်ရှာရင်း ၃ နာရီလောက် အချိန်ပိုကြာသွားတယ်။ နေရာတိုင်းမှာ ရေတွေပြည့်လျှံနေတယ်” ဟု မြေပြင်အခြေအနေကို ရှင်းပြသည်။
WAG အဖွဲ့မှ ကိုမုန်တိုင်းကလည်း “ထိုင်းက ကူညီနေတာတွေကတော့ ရောက်တဲ့နေရာ ရောက်တယ်။ ရဟတ်ယာဉ်နဲ့ ပို့တယ်ဆိုပေမဲ့ တပြင်လုံးတော့ မပို့နိုင်သေးဘူး။ လူသေဆုံးတာတွေတော့ ကြားမိတယ်။ အသေးစိတ်တော့ မသိရသေးဘူး”ဟု ဆိုသည်။
လက်ရှိတွင် ပိတ်မိနေသော မြန်မာလုပ်သားများအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိသည်ဟု ကိုမုန်တိုင်းက ဆက်ပြောသည်။
ယခုဖြစ်ပေါ်နေသော ရေဘေးသည် မလေးရှားနယ်စပ်စီးပွားရေးမြို့တော် ဟတ်ယိုင်တွင် နှစ်ပေါင်း ၃၀၀ အတွင်း အမြင့်ဆုံးမိုးရေချိန် (တစ်ရက်လျှင် ၃၃၅ မီလီမီတာ) ရွာသွန်းခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဒေသတွင်း ဓာတ်ပုံမှတ်တမ်းများအရ နေအိမ်များနှင့် မော်တော်ယာဉ်များ ရေမြှုပ်နေပြီး ပြည်သူများသည် ခေါင်မိုးများပေါ်တက်၍ အကူအညီတောင်းခံနေရသည်။
ထိုင်းနိုင်ငံတစ်ဝန်းတွင် ရေဘေးကြောင့် သေဆုံးသူ အနည်းဆုံး ၃၃ ဦးရှိပြီဖြစ်ပြီး ပြည်သူ ၂ သန်းကျော် ထိခိုက်ခံစားနေရသည်။ အလားတူ အိမ်နီးချင်းနိုင်ငံများဖြစ်သော ဗီယက်နမ်တွင် သေဆုံးသူ ၉၈ ဦး၊ အင်ဒိုနီးရှားတွင် ၁၉ ဦး ရှိခဲ့ပြီး မလေးရှားတွင် လူပေါင်း ၁၉,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။
