မန္တလေး၊ အိုးဘိုးအကျဉ်းထောင်တွင် ၅၀၅(က) ပုဒ်မကပ် ဖမ်းဆီးခံထားရသူ ၁၀၀၀ ကျော်ရှိ သော်လည်း ၂၃၂ ဦးသာပြန်လွတ်ကြောင်းသိရသည်။
နိုဝင်ဘာ ၂၇ ရက် လွတ်ငြိမ်းခွင့်အရ အိုးဘိုးအကျဉ်းထောင်မှ ၅၀၅(က) အမှု နိုင်ငံရေးအကျဉ်းသား ၁၆၅ ဦးနှင့် နိုင်ငံရေးအကျဉ်းသူ ၆၇ဦးသာ လွတ်မြောက်ပြီး ကျန်သည့် ၈၀၀ ကျော်မှာ ၅၀၅(က) အပြင် အခြားအမှုဖြင့်ပါ ထောင်ချခံထားရသူများဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က သတင်းထုတ်ပြန်သည်။
” ကျနော်တို့ သိသလောက်ကတော့ ၅၀၅(က) အပါအဝင် တခြားပုဒ်မတွေနဲ့တပ်ခံထားရ တဲ့ သူတွေက တချို့ကတော့ ၅၀၅ တစ်မှုတည်းတွေတော့ ပြန်လွတ်ပေမဲ့ အဲ့လိုကပ်ခံရတဲ့သူတွေကတော့ ကပ်လိုက် တဲ့ ၅၀၅ တစ်ခုတော့ပျောက်သွားတယ်။ ကျန်တဲ့ပုဒ်မတွေနဲ့ ဆက်ပြီးတော့ အကျဉ်းကျခံရတယ်။ ဒီလိုပုံစံမျိုးတွေတော့ လက်ရှိဖြစ်နေပါတယ်ဗျ” ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPA သို့ပြောသည်။
၅၀၅(က) အမှုတစ်ခုတည်းဖြင့် ထောင်ကျနေသည့် နိုင်ငံရေးအကျဉ်းသားများထဲက မလွတ်မြောက် သူရှိ၊ မရှိကို စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းကပြောသည်။
ယခု လွတ်ငြိမ်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့နေ စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက “ကိုယ့်လူတွေ လွတ်လာတာ ဝမ်းသာပါတယ်။ဒါပေမဲ့၊အခုလို လွတ်ငြိမ်းခွင့် ပေးတဲ့အပေါ် ဘာမှ ကြိုဆိုစရာအကြောင်းမရှိဘူး။နိုင်ငံရေးစေတနာရှိရှိနဲ့ ရိုးရိုးသားသားလုပ်တဲ့ လွတ်ငြိမ်းမဟုတ် တဲ့အတွက် မကြိုဆိုနိုင်တာပါ”ဟု မှတ်ချက်ပြုသည်။
နိုဝင်ဘာ ၂၇ ရက်စာရင်းအရ ပြည်ထောင်မှ ၈ ဦး၊ ကလေးထောင်မှ ၅ ဦး၊ထားဝယ်ထောင်မှ ၅ ဦး၊ ရမည်းသင်းထောင်မှ ၂၂ ဦး၊ မအူပင်ထောင်မှ ၃ ဦး၊ပေါင်းတည်ထောင်မှ ၅ ဦး၊ ဒိုက်ဦးထောင်မှ ၇၀၊ သရက်ထောင်မှ ၃ ဦး၊ မကွေးထောင်မှ ၁၁ ဦး၊ မြင်းခြံထောင်မှ ၃၀ ဦး၊ ကျိုက်မရောထောင်မှ ၆ ဦးနှင့် သထုံထောင်မှ ၅ ဦးတို့ လွတ်မြောက်လာကြောင်း PPNM ကထုတ်ပြန်ထားသည်။
၅၀၅(က) ဖြင့်အမှုဖွင့်ခံထားရပြီး တိမ်းရှောင်နေသူနှင့် တရားစွဲဆိုခံထားရသူ ၅၅၈၀ ကို အမှုပိတ်သိမ်း ခဲ့ပြီး ၅၀၅(က) ဖြင့် ထောင်ကျနေသူ ၂၃၆၁ ဦး အား လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။
