မဲဆွယ်ရာတွင် အသက်ဘေးကင်းရန် မမြင်ရသည့် နတ်ဘီလူးများကို အားကိုး နေရဟု ပြည်သူ့ပါတီ အမတ်လောင်းပြော

ဓာတ်ပုံ-လူမှုကွန်ရက်

အာဏာသိမ်း စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲဝင်မည့် ပြည်သူ့ပါတီ အမတ်လောင်း ဦးလွင်မြင့်က မဲဆွယ်မှုများ ပြုလုပ်ရာတွင် အသက်ဘေးကင်းရန် အတွက် မမြင်ရသည့် ယက္ခညီနောင်ကိုသာ အားကိုးနေရသည်ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။

ဦးလွင်မြင့်သည့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်သူ့ပါတီ ကိုယ်စားပြုကာ စစ်တပ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မည့်သူ ဖြစ်သည်။

၄င်း၏ မဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်း၊ မဲဆွယ်ရာတွင် ကားဖြင့် အတိုက်ခံရခြင်းများကို ပြီးခဲ့သည့် ရက်သတ္တပါတ်တွင် ကြုံတွေ့ခဲ့ရပြီးနောက် အသက်ဘေး ကာကွယ်ရန်အတွက် ယက္ခညီနောင်ကိုသာ အားကိုးနေရသည်ဟု ဆိုလာခဲ့ခြင်း ဖြစ်သည်။

” ကိုယ့်အသက် အန္တရာယ်အတွက် ကာကွယ် စောင့်ရှောက်ဖို့ အတွက် သင်္ဃန်းကျွန်း မြို့နယ်အတွင်းမှာ အဘ နောင်တော် ယက္ခနဲ့ အဘ ညီတော်ယက္ခ တို့ကိုပဲ အားကိုးရပါတော့မယ်။ အသက်အန္တရာယ် ဘေးကင်းကြပါစေ” ဟု ဦးလွင်မြင့်က ရေးသားထားသည်။

ဦးလွင်မြင့်သည် နိုဝင်ဘာ လအတွင်း မဲဆွယ်ဟောပြောမှုများ ပြုလုပ်ရာ ၄င်း၏ နိုင်ငံရေး ဖြတ်သန်းမှုများ အကြောင်းပြောရာ၌ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုများအားတော်လှန်ရေး ဟု သုံးနှုန်းခဲ့ခြင်းကြောင့် စစ်တပ်လော်ဘီ နောင်တော်လေး၏ တိုင်ကြားမှုကို ခံထားရသေးသည်။

ထိုသို့ အတိုင်ခံရခြင်းအား ဦးလွင်မြင့်က နောင်တော်လေးကို ပြန်၍ ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေဖြင့် အရေးယူရန် တိုင်ကြားထားသည်ကိုလည်း တွေ့ရသည်။

အာဏာသိမ်း စစ်တပ်သည် ကြံ့ခိုင်ရေးပါတီမှလွဲ၍ အခြားသော ပါတီများအား လုံခြုံရေး တာဝန်ယူထားခြင်း မရှိဟုလည်း သိရသည်။

” ကြံ့ဖွတ်တွေ မဲဆွယ်ပြီဆို ရဲတွေ စစ်သားတွေ အရပ်ဝတ်နဲ့ကောင်တွေပါ အနီးတစ်ဝိုက်မှ ထားပြီး မဲဆွယ်ကြတယ်။ ကျန်တဲ့ ပါတီတွေဆို အဲ့လိုမလုပ်ထားဘူး။ သူတို့ဘာသာ သေသေကြေကြေ ဂရုမစိုက်ဘူးပေါ့ဗျာ” ဟု သင်္ဃန်းကျွန်းမြို့နယ်၌ နေထိုင်သည့် စစ်တပ်ရွေးကောက်ပွဲမဲဆွယ်မှုများကို လေ့လာစောင့်ကြည့်နေသူ တစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်တပ်သည် ၄င်းတို့ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲတွင် အရပ်ဝတ်လဲ စစ်ဗိုလ်ချုပ်များ ဦးဆောင်သည့် ကြံ့ခိုင်ရေး ပါတီ အနိုင်သေချာရန် နည်းလမ်းမျိုးစုံဖြင့် စီစဥ်ဆောင်ရွက်နေသည်။

NLD ပါတီကို ဖျက်သိမ်းခြင်း၊ ရွေးကောက်ပွဲနီးမှ ကြံ့ခိုင်ရေးပါတီ ၏ အဓိက ပြိုင်ဘက် ဖြစ်နိုင်သည့် NDF ပါတီကို ဖျက်သိမ်းပစ်ခြင်းတို့ကိုလည်း ပြုလုပ်ထားသည်။

ယခု မဲဆွယ်ကြရာတွင်လည်း ကြံ့ခိုင်ရေးပါတီအတွက်သာ လုံခြုံရေးတာဝန်ယူပြီး အခြား ပါတီများအား လစ်လျူရှုထားခြင်းကို ပြုလုပ်ထားသည်။