စစ်ကော်မရှင်က ကျင်းပရန် ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အသုံးပြုမည့် အီလက်ထရောနစ် မဲပေးစက်များ (EVM) နှင့် AI နည်းပညာသုံး စောင့်ကြည့်ရေးစနစ်များကြောင့် ပြည်သူများ၏ လုံခြုံရေးပေါ် စိုးရိမ်ချက်တွေ များပြားလာခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR) က သတိပေးချက်အရ စစ်ကော်မရှင်၏ မဲပေးစက် စနစ်များသည် မဲဆန္ဒရှင်များအား “ပယ်မဲ” ပြုလုပ်ခြင်း သို့မဟုတ် မဲလက်မှတ်ကို အလွတ်ထားခဲ့ခြင်းများကို ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။
“လူတွေ ဘယ်လိုမဲပေးနေသလဲ၊ ဘယ်သူ့ကို မဲပေးလိုက်သလဲ ဆိုတာတွေကိုပါ AI နည်းပညာနဲ့ ခြေရာခံ စောင့်ကြည့်နိုင်တဲ့ အန္တရာယ်မှာ ရှိနေပြီ”ဟု OHCHR ၏ မြန်မာနိုင်ငံဆိုင်ရာ အဖွဲ့ခေါင်းဆောင် James Rodehaver က ဂျီနီဗာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နည်းပညာပိုင်းဆိုင်ရာ စိုးရိမ်မှုများအပြင် နိုင်ငံရေးအရ လှည့်ကွက်များကိုပါ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က သူ၏ ၂၀၂၅ အောက်တိုဘာ အစီရင်ခံစာတွင် ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြထားသည်။
“နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ရွေးကောက်ပွဲ အစီအစဉ်ဆိုသော ဟန်ပြလုပ်ရပ်ကို ပြတ်ပြတ်သားသား ငြင်းပယ်ရှုတ်ချသင့်သည်” ဟု ၎င်းက အသိပေးထားသည်။
စစ်ကော်မရှင်က ပြုလုပ်နေသော အဖွဲ့အစည်းဆိုင်ရာ အပြောင်းအလဲများသည် ရွေးကောက်ပွဲအတွက် ဟန်ပြလုပ်ရပ်များသာဖြစ်ပြီး လက်တွေ့တွင် အာဏာသည် စစ်ခေါင်းဆောင်များ လက်ထဲတွင်သာ ဆက်ရှိနေမည် ဖြစ်သည်ဟု သုံးသပ်ကြသည်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဓိက အတိုက်အခံ ခေါင်းဆောင်များ ထောင်သွင်းအကျဉ်းချ ခံထားရဆဲဖြစ်ပြီး၊ NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကျော်ကို ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအသစ်များသည် သဘောထားကွဲလွဲမှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်း၊ ဒစ်ဂျစ်တယ် လွတ်လပ်ခွင့်ကို ကန့်သတ်ခြင်းနှင့် ရွေးကောက်ပွဲ “နှောင့်ယှက်ခြင်း” ဟု ယူဆရသော လုပ်ရပ်များကို ပြင်းထန်စွာ အပြစ်ပေးရန် ပြဋ္ဌာန်းထားသည်။
နိုင်ငံ၏ ကျယ်ပြန့်သော နယ်မြေ အများအပြားသည် စစ်ကော်မရှင်၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့သည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲပေးရန်မှာ လုံးဝ မဖြစ်နိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
“စစ်ကောင်စီ၏ စည်းမျဉ်းများအတိုင်း ကျင်းပမည့် ရွေးကောက်ပွဲများသည် တိုင်းပြည်ကို စိတ်ဝမ်းကွဲပြားမှု ပိုမိုနက်ရှိုင်းစေပြီး အကြမ်းဖက်မှုများကိုသာ ပိုမိုဆိုးရွားလာစေလိမ့်မည်” ဟု Tom Andrews က သတိပေးသည်။
လက်ရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ဒေသခံပြည်သူများအား မဲပေးစက် အသုံးပြုနည်း သင်တန်းများကို မဖြစ်မနေ တက်ရောက်ရန် စစ်ကော်မရှင်က ဖိအားပေးလျက်ရှိသည်။
အခြားတစ်ဖက်တွင်လည်း ထိုသင်တန်းများ တက်ရောက်သူများကို တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များက မဲမပေးကြရန် သတိပေးမှုများ ရှိနေသည့်အတွက် အရပ်သားပြည်သူများသည် နှစ်ဖက်ကြား မြေစာပင် အခြေအနေသို့ ရောက်ရှိနေသည်။
စစ်ဘေးရှောင် ပြည်သူများကိုလည်း မဲပေးရန်အတွက် နေရပ်ပြန်ကြရန် စစ်ကော်မရှင်က အမိန့်ပေး ညွှန်ကြားမှုများ ရှိနေသလို၊ မဲပေးစနစ်ကို ဆန့်ကျင်သည့်အနေဖြင့် ကျည်ဆန်ပါဝင်သော မဲပုံးပုံ ပိုစတာ ချိတ်ဆွဲခဲ့သည့် လူငယ်သုံးဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ လုံခြုံရေးအရ အမည်မဖော်လိုသူ ရန်ကုန်မြို့ခံ ပြည်သူတစ်ဦးက သူ၏ စိုးရိမ်ပူပန်မှုကို ယခုလို ပြောပြသည်။
“ကျွန်မတို့က အခု ကြားညှပ်နေတာပါ။ မဲသွားမပေးရင်လည်း စစ်တပ်က ဒုက္ခပေးမယ်။ သွားပေးပြန်ရင်လည်း တော်လှန်ရေးအဖွဲ့တွေရဲ့ သတိပေးတာကို ခံရနိုင်တယ်။ အဆိုးဆုံးကတော့ မဲရုံထဲမှာပါ စက်တွေ၊ ကင်မရာတွေနဲ့ စောင့်ကြည့်နေမယ်ဆိုတော့ ကိုယ်ဘယ်သူ့ကို မဲထည့်လဲဆိုတာ သူတို့သိနေမှာလေ။ လွတ်လပ်ခွင့်ဆိုတာ မရှိတော့ပါဘူး။ ကိုယ့်လုံခြုံရေးအတွက် ဘာရွေးရမှန်းမသိအောင် သောကရောက်နေရပါတယ်” ဟု ၎င်းက ဆိုသည်။
“အခုလို စောင့်ကြည့်ထောက်လှမ်းမှုတွေဟာ မဲပေးတာရဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးသွားတာဖြစ်ပါတယ်။ ရွေးကောက်ပွဲက တရားဝင်ဖြစ်အောင်သူတို့က အကွက်ကျကျသာလုပ်နေတာ။ မြေပြင်မှာက ရှင်းရှင်းလေးပဲ။ ပြည်သူတွေကို ဖမ်းဆီးပြီး သေနတ်ထောက် ဒီပုံးထဲကို ထည့်လို့ မလုပ်ပြရုံတမယ်ပဲလေ”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက MPA ကို ပြောသည်။
ထူးခြားမှုအနေဖြင့် အမေရိကန်၏ သမ္မတအစိုးရက စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အစီအစဉ်ကို တိုးတက်မှု လက္ခဏာတစ်ရပ်အဖြစ် သတ်မှတ်ပြီး အမေရိကန်ရောက် မြန်မာနိုင်ငံသားများအား ပေးထားသည့် ယာယီတရားဝင်နေထိုင်ခွင့် (TPS) ကို ရပ်စဲရန် စီစဉ်နေခြင်းဖြစ်သည်။
ဤအချက်ကို အာဏာသိမ်းစစ်ကော်မရှင်က ကြိုဆိုလိုက်သော်လည်း OHCHR ကမူ အမေရိကန်အနေဖြင့် ဤဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားပေးရန် တိုက်တွန်းထားသည်။
