မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ မင်းလက်ပံကမ်းနားတွင် ကျားဖြန့် (Online Scam) လုပ်ငန်းများမှ ခေါ်ထုတ်လာခဲ့သည့် နိုင်ငံခြားသား အလုပ်သမား ၃၀၀ ကျော်သည် ထိုင်းနိုင်ငံသို့ ဝင်ခွင့်မရဘဲ ၃ ရက်ကြာသည်အထိ သောင်တင်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ အခြေအနေသည် ဒေသတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း၊ ထိုင်းအာဏာပိုင်များ၏ လက်ခံမှုကန့်သတ်ချက်များ မြင့်တက်လာခြင်းနှင့် ရာသီဥတု ပိုမိုအေးလာခြင်းကြောင့် ကျားဖြန့်လုပ်သားများ အခက်အခဲဖြစ်နေကြောင်း သိရသည်။
သောင်တင်နေသူ စုစုပေါင်း ၃၀၀ ကျော်ရှိပြီး ၎င်းတို့ကို ကေအဲန်ယူ (KNU) – ကရင်အမျိုးသား အစည်းအရုံးက နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မင်းလက်ပံရှိ ကျားဖြန့်စခန်းမှ ခေါ်ထုတ်လာခဲ့ခြင်းဖြစ်သည်။
ပါဝင်သည့် နိုင်ငံသားများမှာ တရုတ်၊ မလေးရှား၊ အီသီယိုးပီးယား စသည့် နိုင်ငံခြားသားများ ပါဝင်ကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။
” မင်းလက်ပံမှာရှိတဲ့ ကျားဖြန်းဆိုက်က အလုပ်သမား ၃၀၀ကျော်က ယနေ့အချိန် ထိုင်းကိုကူးခွင့်မရဘဲ ကမ်းနားမှာသောင်တင်နေတယ်။ တိုက်ပွဲတွေကလဲဆက်ဖြစ်နေသလို ဒီရက်ပိုင်းထဲအအေးကလဲပိုလာတော့ ဒီလူတွေကို ထားဖို့ခက်ခဲနေတယ်။” ဟု မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ဖြစ်ပွားခြင်းသည် ထိုင်းအာဏာပိုင်များက ယခင်ဖြစ်စဉ်များအရ ပြန်မပို့ရသေးသည့် နိုင်ငံခြာသားများ ရှိနေပြီး ထပ်မံ လက်ခံရန် အကန့်အသတ်နှင့် လုံခြုံရေးများကြောင့် ဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။
“လက်ရှိလက်မခံတော့ဘူးဆိုတာ ဒီဘက်မှာကော မြဝတီမှာကော ပြန်မပို့ရသေးတဲ့ နိုင်ငံခြားတွေများနေတယ်။ နောက်ပြီး မြေပြင်မှာတိုက်ပွဲတွေဖြစ်နေတော့သူတို့လဲ လုပ်ရကိုင်ရခက်လို့ပိတ်လိုက်တာနေမယ်” ဟု ထိုင်းအာဏာပိုင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ထို့ပြင် မင်းလက်ပံ ကျားဖြန့်ဝင်းအတွင်း မြန်မာနိုင်ငံသား အချို့နှင့် နိုင်ငံခြားသား ၁,၀၀၀ ဦး ကျော် ကျန်ရှိနေသေးကြောင်း မြေပြင်ကူညီပေးနေသူများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်နေ့က KNU က ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ထိန်းချုပ်ထားသော မင်းလက်ပံရွာအနီးရှိ ကျားဖြန့်စခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး လူ ၂,၀၀၀ ကျော်ကို ထိန်းသိမ်းခဲ့ကြောင်း KNU က ထုတ်ပြန်ခဲ့သည်။
ထိန်းသိမ်းသူများထဲတွင် တရုတ်လူမျိုး ၃၃၇ ဦးပါဝင်ပြီး ၃၆ ဦးကို နိုဝင်ဘာ ၂၄ ရက်နေ့တွင် ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်။
လက်ရှိ မင်းလက်ပံဒေသတွင် စစ်ကော်မရှင်တပ်များနှင့် KNLA တပ်များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်ပြီး နယ်ခြားစောင့်တပ် (BGF) များကလည်း စစ်ကော်မရှင်တပ်များကို အင်အားဖြည့်တင်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။
မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ ကျားဖြန့် (Cyber Scam) လုပ်ငန်းများသည် အွန်လိုင်းငွေလိမ်ဂိုဏ်းကြီးများအဖြစ် ကမ္ဘာအဝှမ်း လူသိများနေပြီး ၎င်းတို့သည် အာရှနှင့် အာဖရိကမှ လူငယ်များကို အဓမ္မခိုင်းစေမှုများ ပြုလုပ်ရာ နေရာများဖြစ်သည်။
ဤသို့ နိုင်ငံတကာမှ လူကုန်ကူးခံရသူများ ရာနှင့်ချီ၍ နယ်စပ်တွင် သောင်တင်နေခြင်းသည် နိုင်ငံတကာ အသိုက်အဝန်း၊ ထိုင်းအစိုးရနှင့် မြန်မာ့တော်လှန်ရေးအင်အားစုများအတွက် လုံခြုံရေးအရသာမကဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်နေသည်။
စာတည်း-ကိုဆန်း
