မွန်ပြည်သူများ မဲစာရင်း လာမကြည့်သဖြင့် စစ်ကော်မရှင်လက်အောက်ခံ ဝန်ထမ်းများက တစ်အိမ်တက်ဆင်း လိုက်လံစိစစ်ပေးနေကြောင်း သိရသည်။
မွန်ပြည်နယ်တွင် ပထမအကြိမ်မဲစာရင်းကပ်စဉ်ကရော ယခုဒုတိယအကြိမ် မဲစာရင်းကပ်သည်အ ထိ စစ်အုပ်စုဝင်များနှင့် Non CDMဝန်ထမ်းများသာ မဲစာရင်းကြည့်သဖြင့် တရားမဝင်မွန်ပြည်နယ်စစ် ကော်မရှင်၏ ညွှန်ကြားချက်အရ နိုဝင်ဘာ၂၇ရက်မှစတင်ကာ တစ်အိမ်တက်ဆင်း မဲစာရင်း လိုက်စစ် ပေးနေခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ပထမအကြိမ်ကပ်တယ်။လာမကြည့်ကြဘူး။အခုဒုတိယအကြိမ်ကပ်တော့လည်း လာမကြည့်လို့ အုပ်ကြီးတွေက လာကြည့်ကြဖို့ မိုက်နဲ့ လိုက်အော်တယ်။အဲဒါလည်း မလာဘူး။မဲစာရင်းမှားချက်က လည်း ရစရာမရှိအောင် မှားနေတယ်။အဲဒါနဲ့ အောင်ကြည်သိန်း(မွန်ပြည်နယ်ဝန်ကြီးချုပ်)က မအလ ကြိုက်အောင် အလုပ်လုပ်ပြတဲ့အနေနဲ့ အောက်ခြေဝန်ထမ်းတွေကို တစ်အိမ်တက်ဆင်းလုပ်ဆိုပြီး သေအောင်ခိုင်းတာ”ဟု ၎င်းက MPAသို့ ပြောသည်။
တစ်အိမ်တက်ဆင်း မဲစာရင်းစစ်ခြင်းကို စစ်ကော်မရှင် အာဏာသက်ရောက်မှု အလုံးစုံရှိသော မော် လမြိုင်နှင့် ချောင်းဆုံတို့တွင် မြို့ပေါ်ရော ရွာများပါ ပြုလုပ်မည်ဖြစ်ပြီး တော်လှန်ရေးတပ်များအား ကောင်းသည့် မြို့များ၌မူ မြို့ပေါ်ရပ်ကွက်များသာ ပြုလုပ်မည်ဟု သိရသည်။
“ပေါင်တို့ မုဒုံတို့ကျတော့ တချို့ရွာတွေလည်း စစ်တပ်အပိုင် စိတ်ချရတယ်ပေါ့။အဲလိုနေရာတွေ တော့ တစ်အိမ်တက်ဆင်း လုပ်မယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
သထုံမြို့ပေါ်ရပ်ကွက်များတွင်လည်း တစ်အိမ်တက်ဆင်း မဲစာရင်းလိုက်စစ်ပေးနေကြောင်း မွန်ပြည် နယ်ပကဖ၊ဒုတာဝန်ခံ စောထူးအောင်က ပြောသည်။
“မြို့ပေါ်ပဲ။အိမ်တွေကို မေးတယ်။မဲစာရင်းစစ်ပြီးပြီလား။မစစ်ရသေးဘူးဆိုရင် စစ်ပေးတယ်။မစစ်ရ သေးလို့ ရန်လုပ်တာမျိုးတော့ မရှိဘူး”ဟု ၎င်းက MPAသို့ပြောသည်။
တော်လှန်ရေးအင်အားစု အားကောင်းသော သထုံ၊ဘီးလင်း၊ကျိုက်ထိုနှင့် ရေးမြို့တို့တွင် မြို့ပေါ်ရပ် ကွက်များ၌သာ တစ်အိမ်တက်ဆင်း မဲစာရင်းစစ်မည်ဟုထင်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူက ပြောသည်။
“ချောင်းဆုံမှာတော့ ၂၇ရက်ကစပြီး မဲစာရင်း လိုက်စစ်ပေးနေတယ်။ချောင်းဆုံမှာလည်း ပြည်သူတွေ သွားမကြည့်ကြဘူးဆိုတော့လေ။ချောင်းဆုံကတော့ PDF လည်းမရှိတော့ ရွာတွေကိုလည်း လိုက်စစ် ပေးမယ်လို့ ရွာအုပ်ကြီးတွေဆီက သိရတယ်”ဟု ချောင်းဆုံမြို့နယ်၊အဝေးရောက်သက္ကောရွာသားက ဆိုသည်။
ပထမအကြိမ် မဲစာရင်းကပ်ထားစဉ်က မဲစာရင်းအမှားအယွင်းများကြောင်း နာမည်ကြီးခဲ့ပြီး ကြည့်ရှု ပြင်ဆင်ဖြည့်စွက်သူလည်း မရှိသလောက်နည်းသည်။
ဒုတိယအကြိမ်မဲစာရင်းကို နိုဝင်ဘာ၂၁ရက်မှ ဒီဇင်ဘာ၄ရက်အထိ ကပ်ထားမည်ဖြစ်ကြောင်း တရား မဝင်ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။
တရားမဝင်ရွေးကောက်ပွဲအပိုင်း၁ကို မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ကျိုက်မရော၊ချောင်းဆုံ၊မော်လမြိုင်နှင့်သထုံမြို့နယ်တို့တွင် ဒီဇင်ဘာ၂၈ရက်၌ ပြုလုပ်သွားမည်ဟု သိရသည်။
စာတည်း-ကိုဆန်း
