ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် အုန်းဒိုင်းတို့ ထောင် ၇ နှစ်ချခံရ

အောက်တိုဘာလက ဖမ်းဆီးခံလိုက်ရသည့် ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့အား အာဏာသိမ်း စစ်တပ်က ထောင်ဒဏ် ၇နှစ် ချမှတ်လိုက်ကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုနှင့် နီးစပ်သူများထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ အနုပညာရှင် သုံးဦးကို အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေဖြင့် ဖမ်းဆီးထောင်ချလိုက်ခြင်း ဖြစ်သည်။

” ၂၇ ရက်မှာ ကိုမိုက်နဲ့ အုန်းဒိုင်းတို့ကို အမိန့်ချတယ်။ ၂၈ ရက်မှာ ကိုကျော်ဝင်းထွဋ်ကို အမိန့်ချတယ်။ တစ်ခါတည်း အမိန့်ချတာ စာအိပ်နဲ့ အမိန့်က ပါလာပြီးသား ခုခံချေပခွင့် မရှိဘူး” ဟု ဖမ်းဆီးထောင်ချခံရသည့် အနုပညာရှင်တစ်ဦး၏ မိသားစုနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များသည် ရှေ့နေငှား၍ ခုခံချေပရန် ကြိုးစားခဲ့သော်လည်း အာဏာသိမ်း စစ်တပ်က ခုခံချေပခွင့် မပေးဘဲ တရားစီရင်ရေး စနစ်ကို ကျော်လွန်ကာ ယင်းသို့ မတရား အမိန့်ချစေခဲ့ခြင်းဟု သိရသည်။

” တရားရုံးမှာ စွတ်စွဲခံရသူဟာ သူ့အခွင့်အရေးအတိုင်း ခုခံချေပခွင့် ရှေ့နေငှားခွင့် ရှိကို ရှိရတယ်။ အခုက မာရှယ်လော ထုတ်ထားချိန်လည်း မဟုတ်ဘူး။ အဲ့ဒါကို အတင်းအဓမ္မ အမိန့်ချတာဖြစ်တယ်။ ဒီကိစ္စဟာလည်း အာဏာသိမ်း စစ်တပ်ရဲ့ မတရားမှုကို မှတ်တမ်းတင်ထားရမယ့် ကိစ္စ ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။

ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့သည် ” ခေတ်သမိုင်းကို ဒုန်းစိုင်းမည့် သူများ” ဟူသည့် အတုအယောင် ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားတွင် ပါဝင်သူများကို ဝေဖန်သည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သို့သော် အဆိုပါ အနုပညာရှင် သုံးဦးသည် ၄င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ၌ သိသာထင်ရှားသည့် ဝေဖန်မှုများ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ပရိသတ်တစ်ဦးက ပြောသည်။

” သူတို့ ဘာတင်လို့လဲ။ ဒီလိုပဲ စိတ်ခံစားချက်ကို တင်တာလေ။ နာမည်တွေလည်း တပ်မနေ၊ ရွေးကောက်ပွဲဆိုတဲ့ စာသားလည်း မပါဘူး။ တမင်ကို အကြမ်းဖက်တာကြီးပါ” ဟု အဆိုပါ ပရိသတ်ကပြောသည်။

အာဏာသိမ်း စစ်တပ်သည် ၄င်းတို့ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေအား ဇူလိုင်လကုန်ပိုင်းက ပြဌာန်းခဲ့သည်။

ယင်းနောက်တွင် ပြည်သူအများအား ယင်းဥပဒေဖြင့် အတင်းအဓမ္မ ဖမ်းဆီးမှုများ ပြုလုပ်လာခဲ့ရာ လေတိုက်သဖြင့် မဲဆွယ်ဆိုင်းဘုတ်ပြုတ်ကျမှုအား ရယ်မိသူကိုပင် ဖမ်းဆီးထောင်ချသည်အထိ ပြုလုပ်လျှက် ရှိနေသည်။

စာတည်း-ကိုဆန်း