By Naing Yarzar Min / MPA(ဆောင်းပါး)
ဗြိတိန် နိုင်ငံရေး သိပ္ပံပညာရှင် Jean Grugel က ” ဒီမိုက်ကရက်တိုင်ဇေးရှင်း ဆိုတာဟာ ဒီမိုကရေစီ မဟုတ်တဲ့ အခြေအနေကနေ တာဝန်ခံမှု ရှိရှိနဲ့ ကိုယ်စားပြုမှု ရှိတဲ့ အစိုးရ တစ်ရပ် ပေါ်ပေါက်လာရန် ဦးတည် အလှည့်အပြောင်း ပြုလုပ်ပေးတဲ့ နိုင်ငံရေး စနစ် တစ်ရပ် အပြောင်းအလဲကို ခေါ်ပါတယ်” ဟု ဆိုခဲ့သည်။
ဤသည်မှာ ဒီမိုကရက်တိုင်ဇေးရှင်း ခေါ် ဒီမိုကရေစီ အပြောင်းအလဲ ဟူသည့် ဝေါဟာရအတွက် အဓိပ္ပါယ် ဖွင့်ဆိုခြင်း ဖြစ်သည်။
မြန်မာပြည်၏ မျက်မှောက် ပဋိပက္ခ ဖြစ်ရပ်များနှင့် ချိန်ထိုး ရလျှင် ယခုကဲ့သို့ ဖြစ်သည်။
အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာမဏ္ဍိုင် သုံးရပ်ကို အာဏာသိမ်း စစ်ခေါင်းဆောင်က တစ်ဦးတည်း မောင်ပိုင်စီး ထားသည်။
သို့ဖြစ်ရာ အာဏာသိမ်း စစ်ခေါင်းဆောင် အလိုရှိရာသို့ ၄င်း၏ အစိုးရ အဖွဲ့က ပုံဖော်ဆောင်ရွက်ပြီး နေထိုင်သူ ပြည်သူများထံ၌ မည်သည့် အာဏာမျှ ရှိမနေပေ။
အဆိုပါ အခြေအနေမှသည် အာဏာမဏ္ဍိုင် သုံးရပ်ကို ခွဲဝေကျင့်သုံးရခြင်းများ ပေါ်ပေါက်လာပြီး ယင်းသို့ ခွဲဝေကျင့်သုံးသူများသည် ပြည်သူများ၏ ရွေးချယ်မှုဖြင့် ပေါ်ပေါက်လာခြင်းသည် ဒီမိုကရက်တိုင်ဇေးရှင်းဟု ယေဘုယျ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပေလိမ့်မည်။
၄င်း ခြေလှမ်း၏ အစသည် ရွေးကောက်ပွဲများဖြင့် အစပြုသည်ဟု နိုင်ငံရေး နယ်ပယ်တွင် သတ်မှတ်ကြလေ့ ရှိသည်။
အာဏာသိမ်း စစ်တပ်သည် ဒီမိုကရက်တိုင်ဇေးရှင်း မျက်နှာဖုံးကို တပ်လာနေပြီး ပြည်တွင်း နိုင်ငံရေးသမားများက အဆိုပါ မျက်နှာဖုံး အောက်၌ ၄င်းတို့၏ ဒီမိုကရေစီ ကြွေးကြော်သံများကို အော်ဟစ် ကြွေးကြော်လျက် ရှိနေသည်။
” ဒီမိုကရေစီ ဆိုရာဝယ်”
ဒီမိုကရေစီ စနစ်ဟူသည် နိုင်ငံတစ်ခု၌ နေထိုင်သော ပြည်သူများထံမှ ဆင်းသက်လာသည့် အစိုးရ တစ်ရပ်က ပြည်သူများ၏ အကျိုးစီးပွားအတွက် ကိုယ်စားပြု ဆောင်ရွက်ပေးရသည့် နိုင်ငံရေးစနစ် ဖြစ်သည်။
သို့ဖြစ်ရာ အုပ်ချုပ်သူ အစိုးရကို ပြည်သူက ရွေးချယ်ပြီး အဆိုပါ အစိုးရသည် ပြည်သူထံသို့ သစ္စာခံရသည်။ ထိုသို့ ရွေးချယ်နိုင်ရန် ရွေးကောက်ပွဲများက မဖြစ်မနေလိုအပ်ပေသည်။
ရွေးကောက်ပွဲများ၌ ပြည်သူများသည် ၄င်းတို့၏ ဆန္ဒဖြင့် ၄င်းတို့၏ အကျိုးကို သယ်ပိုးနိုင်မည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာစေရန် ရွေးချယ်မဲပေးရသည်။
ထို့အတူ အဆိုပါ အစိုးရအား ထိန်းကျောင်းရမည့် စည်းမျဥ်း ဥပဒေများ ဖော်ဆောင်နိုင်ရန်အတွက် လွှတ်တော်များ ပေါ်ပေါက်လာရန် ပြည်သူများက ကိုယ်စားလှယ်များကို မဲပေး ရွေးချယ်ကြသည်။ ထိုအခါ ပြည်သူ့အကျိုး သယ်ပိုးကြမည့် အစိုးရနှင့် လွှတ်တော် တို့ ပေါ်ပေါက်လာမည် ဖြစ်သည်။
ဤသို့ဖြင့်ပင် ပြည်သူများထံမှ ဆင်းသက်လာသော အာဏာဖြင့် ပြည်သူ့အကျိုးကို ဆောင်ရွက်မည့် အစိုးရများ ရှိနေခြင်းသည် ဒီမိုကရေစီ စနစ်ဟု ဆိုကြသည်။
“စစ်ပြန်များ ကြီးစိုးသည့် ရွေးကောက်ပွဲ”
အာဏာသိမ်း စစ်တပ်သည် ဒီမိုကရက်တိုင်ဇေးရှင်း မျက်နှာဖုံး တပ်လာသည်ဟု ဆိုခြင်းမှာ အကြောင်းမဲ့ မဟုတ်ချေ။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကတည်းက ၄င်းတို့သည် အဆိုပါ မျက်နှာဖုံးကို တပ်ကာ အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။ အာဏာထိန်းခြင်း ဖြစ်ပြီး တစ်နှစ်အတွင်း ရွေးကောက်ပွဲများ ပြန်လည်ပြုလုပ်ပေးမည်ဟူသည့် ကြွေးကြော်မှုဖြင့် ဖြစ်သည်။
သို့သော် ၄င်းတို့၏ အာဏာသိမ်းမှုသည် လူထု၏ ပြင်းထန်သည့် ဆန့်ကျင်မှုဖြင့် ကြုံလိုက်ရသည်။ အာဏာသိမ်း စစ်တပ်သည် မျက်နှာဖုံး ကွာကျကာ လူထု ဆန္ဒပြပွဲများကို အကြမ်းဖက် ဖြိုခွဲခဲ့သည်။
စစ်အာဏာရှင်ကို ရွံမုန်းသည့် နိုင်ငံရေး ဓလေ့ စွဲမြဲနေသည့် လူထုသည် အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် လက်နက်ကိုင် တော်လှန်ရေးစီသို့ ဆက်လက်ချီတက်သွားခဲ့သည်။
တစ်ဖက်က အာဏာသိမ်း စစ်တပ်သည် ဆိုးရွားသည့် ဖိနှိပ်ချုပ်ခြယ်မှုများဖြင့် စစ်သရုပ်မှန် ပေါ်ပေါက်လာပြီး တော်လှန်ရေးကို စစ်တိုက် ချေမှုန်းလျှက်ဖြင့် စိုးမိုးနယ်မြေများ၌ အာဏာရှင် စရိုက်ကို အပြည့်အဝ ပုံဖော်ဆောင်ရွက်နေသည်။
အကြောက်တရား အောက်၌ လူအများ ပိတ်မိသွားချိန်တွင် ရွေးကောက်ပွဲ ဟူသည့် ဒီမိုကရက်တိုင်ဇေးရှင်း မျက်နှာဖုံးကို ပြန်၍ စွပ်လာပြီ ဖြစ်သည်။
စစ်ဗိုလ်ချုပ်များ ဦးဆောင်ပြီး စစ်ပြန်များနှင့် စစ်တပ်ထောက်ခံသူများဖြင့် အခိုင်အမာ ဖွဲ့စည်းထားသည့် ကြံ့ခိုင်ရေးပါတီသည် အဆိုပါ မျက်နှာဖုံးကို ကိုယ်စားပြုနေသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်၏ စစ်အစိုးရ အဖွဲ့အတွင်းမှ ထိပ်သီး ဗိုလ်ချုပ်များသည် ယခုအခါ အရပ်ဝတ်လဲ၍ ကြံ့ခိုင်ရေး ပါတီအတွင်း သို့ရောက်ကုန်ကြပြီ ဖြစ်သည်။ ပါတီအတွင်း၌ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ် အများစုသည် စစ်ပြန်များ ဖြစ်သည်။
အဆိုပါ ပုဆိုးဝတ် စစ်ဗိုလ်ချုပ်များနှင့် စစ်ပြန်များသည် အာဏာသိမ်းစစ်တပ်က ဒိုင်လုပ်မည့် ရွေးကောက်ပွဲ၌ ပြည်တွင်း နိုင်ငံရေး သမားများနှင့် ယှဥ်ပြိုင်ကြမည် ဖြစ်သည်။ စစ်ပြန်များသည် အာဏာသိမ်း စစ်တပ်ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ကြီးစိုးခြယ်လှယ် နေကြသည်။
၄င်းတို့သည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ကို ဖော်ဆောင်မည်ဟုလည်း ကြုံးဝါးနေကြသည်။
” ဒီမိုကရေစီ စံနှုန်း မမှီ ရွေးကောက်ပွဲ “
ဒီမိုကရေစီ စံနှုန်းနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲများသည် အချက် နှစ်ချက် ပေါ်တွင် အဓိကမူတည်သည်။
နိုင်ငံအတွင်းရှိ မဲပေးနိုင်ခွင့် ရှိသူတိုင်း မည်သူမဆို ဆန္ဒမဲ ပေးပိုင်ခွင့် ရှိခြင်းနှင့် အဆိုပါ မဲပေးမည့် သူများ မဲပေးရွေးချယ်လိုသူတိုင်းသည် ရွေးကောက်ပွဲ၌ ပါဝင်ယှဥ်ပြိုင်ခွင့် ရှိခြင်း ဖြစ်သည်။
ထို့ကြောင့် ရွေးကောက်ပွဲ ပြုလုပ်မည့် လုပ်ထုံး လုပ်နည်းများသည် ဒီမိုကရေစီ စံနှုန်း ကိုက်ခြင်း မကိုက်ခြင်း အတွက် အဆုံးအဖြတ် ပေးသည့် အရာများ ဖြစ်လာမည် ဖြစ်သည်။
အာဏာလက်ဝယ် ရှိနေသူများက ၄င်းတို့၏ ယှဥ်ပြိုင်ဘက်များကို မပါဝင်စေခြင်း၊ ချုပ်ကိုင်ထားခြင်း ဖိနှိပ်ထားခြင်း မျိုးဖြင့် ဒီမိုကရေစီ စံနှုန်းကိုက် ရွေးကောက်ပွဲ တစ်ရပ် ဖြစ်လာနိုင်မည် မဟုတ်ပေ။
ထိုအခါ ဒီမိုကရေစီသည် ရွေးကောက်ပွဲဖြင့် ရရှိနိုင်ရန် အကြောင်းလည်း ရှိနိုင်တော့မည် မဟုတ်။ ယခု စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲသည် အလားတူ ရွေးကောက်ပွဲမျိုး ဖြစ်သည်။
တော်လှန်ရေးနှင့် ဆက်စပ်နေသော ပြည်သူအများသည် အဆိုပါ ရွေးကောက်ပွဲ၌ ဆန္ဒမဲ ပေးပိုင်ခွင့် မရှိသကဲ့သို့ ဆန္ဒမဲ ပေးခြင်းကိုလည်း ပြုလုပ်ကြမည်ဟုတ်ပေ။
ဆန္ဒမဲပေးပိုင်ခွင့် ရှိသော ပြည်သူများသည်လည်း အဆိုပါ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရန် အတွက် စိတ်အားထက်သန်မှု နည်းပါးလျက် ရှိနေပေသည်။ ဤ သည်မှာလည်း အကြောင်းအရင်း ခိုင်မာစွာဖြင့် ရှိနေသည်။
ပြည်သူအများစုသည် ယခု အာဏာသိမ်း စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဥ်ပြိုင်မည့်သူများအား အယုံအကြည် မရှိခြင်းက အဓိက အချက် ဖြစ်နေသည်။
ပြည်သူအများစု ယုံကြည်သည့် နိုင်ငံရေး သမားများကိုမူ အာဏာသိမ်း စစ်တပ်က ရွေးကောက်ပွဲ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ပေးရန် ဝေးစွ ဖမ်းဆီး အကျဥ်းချထားခြင်းမှပင် လွှတ်ပေးခြင်း မရှိပေ။
ထို့ပြင် အာဏာသိမ်း စစ်တပ်သည် အရပ်ဝတ်လဲ စစ်သားများ ကြီးစိုးသည့် ကြံ့ခိုင်ရေး ပါတီနှင့် ယှဥ်ပြိုင်ဘက် ဖြစ်လာနိုင်သည့် နိုင်ငံရေး သမားများကိုပင် ၄င်းတို့၏ ရွေးကောက်ပွဲ၌ ပါဝင်ယှဥ်ပြိုင်နိုင်စွမ်း လျော့ကျအောင် ဖိနှိပ်ထားခဲ့သည်။
ထို့ကြောင့်ပင် ယခု စစ်တပ်ပြုလုပ်မည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီ စံနှုန်းကိုက် ရွေးကောက်ပွဲ ဖြစ်လာမည် မဟုတ်ပေ။
” တရားနည်းလမ်းကျမှုအတွက် ဟန်ဆောင်မျက်နှာဖုံး”
အာဏာသိမ်း စစ်တပ်သည် မဖြစ်မနေ ရွေးကောက်ပွဲ ပြုလုပ်လာရခြင်းမှာ တရားနည်းလမ်းကျမှု ( Legitimacy)ထက် ရယူ လိုမှု သက်သက်အတွက်သာ ဖြစ်သည်။
ပြီးခဲ့သည့် ငါးနှစ်အတွင်း ၄င်းတို့သည် ၄င်းတို့၏ မဟာမိတ် နိုင်ငံများက လွဲ၍ ကမ္ဘာကြီး၏ အသိအမှတ်ပြုမှုကို မခံခဲ့ရပေ။
အဘယ်ကြောင့်ဆိုသော် ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်နောက်ပိုင်း ကမ္ဘာကြီးသည် အစိုးရ တစ်ရပ်အား Legitimacy ကို ကြည့်၍ ဆုံးဖြတ်ကြသည်။
Legitimacy သည် ဒီမိုကရေစီ စံနှုန်းကိုက် ရွေးကောက်ပွဲများက တစ်ဆင့်သာ ရရှိနိုင်သည့် အရာဖြစ်သည်။ တရားနည်းလမ်းကျမှုကို ရမှ သာလျှင် တရားဝင် အစိုးရတစ်ရပ် အဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။
ထိုကြောင့်ပင် အာဏာသိမ်း စစ်တပ်သည် ရွေးကောက်ပွဲဖြင့် တက်လာသည့် တရားနည်းလမ်းကျ အစိုးရဖြစ်သဖြင့် တရားဝင်မှုကို ရထိုက်သည် ဟူသည့် မျက်နှာဖုံးကို တပ်ရန် ကြိုးစားလာခြင်း ဖြစ်ပေသည်။
စာတည်း-ကိုဆန်း
