ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ မင်းလက်ပံတွင် တိုက်ပွဲများဖြစ်ပွားပြီး လက်နက်ကြီးကျည်အချို့သည့် ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့နယ်သို့ ကျရောက်ပြီးနောက် ကုန်ပစ္စည်း တင်သွင်းခြင်း၊ တင်ပို့ခြင်းနှင့် လူများ ဖြတ်သန်းသွားလာခွင့်ကို ထိုင်းအစိုးရ၊ မဲဆောက်အုပ်ချုပ်ရေးအဖွဲ့မှ ၇ရက် ရပ်ဆိုင်းလိုက်ကြောင်းသိရသည်။
ယခုကဲ့သို့ ပြုလုပ်ရန်အတွက် ယမန်နေ့( နိုဝင်ဘာ ၃၀ရက်)က တာ့ခ်ခရိုင်၊ ၀ချိရပရာကန် စခန်းရှိ နရဲဆွပ် တပ်ဖွဲ့က မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ အရေးပေါ်စာတင်ပြီးနောက် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစာ၌ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့နယ်ဘက်တွင် မငြိမ်မသက်မှုများ ဖြစ်ပွားပြီးနောက် ခွင့်ပြုထားသော လမ်းကြောင်းများမှတဆင့် ကုန်ပစ္စည်းတင်သွင်းခြင်း/တင်ပို့ခြင်းနှင့် လူပုဂ္ဂိုလ်များ သွားလာခြင်းကို ရပ်ဆိုင်းရန် ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုထားသည်။
” အမှတ်(၁) တံတားတော့မပိတ်ဘူးကြားတယ်။ ဒါပေမဲ့တခြား ကုန်တင်ပို့တဲ့ဂိတ်တွေကိုပိတ်တာလို့ သိထားတယ်။ တစ်ပတ်တော့ လူအဝင်အထွက်နဲ့ ကုန်ပို့တာတွေ နားထားရမယ့်သဘောပဲ။ ” ဟု နယ်စပ်ကုန်သွယ်ရေးလုပ်နေသူတစ်ဦးကဆိုသည်။
မင်းလက်ပံဒေသ၌ စစ်ကော်မရှင်နှင့် KNU တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီး လက်နက်ကြီးကျည်များသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်သဖြင့် ဒေသခံပြည်သူများက စိုးရိမ်ပူပန်လျက်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ယမန်နေ့နိုဝင်ဘာ ၃၀ရက် ညပိုင်းက မင်းလက်ပံရွာ၌ ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကော်မရှင်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ခြောက်လုံးခန့်မနည်း မဲဆောက်မြို့နယ်၊ မဲ့ကိုကင်းရွာသို့ ကျရောက်ပေါက်ကွဲခံပြီး နေအိမ် နှစ်လုံးနှင့် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့သည်။
အဆိုပါ အခြေအနေများကြောင့် မဲဆောက်အုပ်ချုပ်ရေးအဖွဲ့က နယ်စပ်အခြေအနေများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို တားဆီးရန် နိုဝင်ဘာ ၃၀ရက်မှ ဒီဇင်ဘာ ၅ရက်အထိ မဲဆောက်မြို့၊ ပုတ်ဖရမြို့နှင့် အုန်းဖန်မြို့နယ်များအပါအဝင် ဆက်စပ်နယ်မြေများရှိ နယ်စပ်ဖြတ်ကျော် သွားလာမှု၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုနှင့် ခရီးသွားလာမှု အားလုံးကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
” မနေ့က ညနေနဲ့ ညပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာလို့ ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးတွေ တိုးချထားတယ်။ ထိုင်းဘက်ကလဲ ပြန်ပစ်တယ်လို့ကြားတယ်။ ထိုင်းစစ်တပ်က အင်အားလဲပိုတိုးထားတယ်။ လက်နက်ကြီးတွေလဲ ထပ်ချထားတယ် ” ဟု ပုတ်ဖရတွင် နေထိုင်သည့် ရွှေ့ပြောင်းမြန်မာလုပ်သားတစ်ဦးက ပြောသည်။
မင်းလက်ပံကျေးရွာသည် BKBA ထိန်းချုပ်ထားသည့်နေရာဖြစ်ပြီး ယင်းနေရာရှိ ကျားဖြန့်များကို KNU က ဝင်ရောက်ရှင်းလင်းပြီးနောက် စစ်တပ်က လက်နက်ကြီးနှင့် အသေခံဒရုန်းများအသုံးပြုကာ KNU ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ မဲ့ကိုကင်းရွာသည် မဲဆောက်ခရိုင် ပုတ်ဖရမြို့နယ်အတွင်း ထိုင်းမြန်မာနယ်စပ်တွင်တည်ရှိပြီး မြန်မာဘက်ခြမ်း မင်းလက်ပံရွာ နှင့် နီးစပ်သည်။
