ပေါက် ကျေးလက်ဆေးခန်းအနီး စစ်တပ် ကြဲချသည့် ဗုံး‌ကျ၊လူနာစောင့်နှစ်ဦး သေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးလက်ဆေးခန်းအနီး စစ်တပ်ကြဲချသည့်ဗုံး ကျရောက်ပေါက်ကွဲခဲ့ရာ လူနာစောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ဇူလိုင် ၂၆ရက်၊ ညနေ ၃နာရီ ၅၆မိနစ်ခန့်တွင်၊ ပေါက်မြို့နယ်၊ စံဖဲကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာဆေးခန်းအနီး ဗုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း တော်လှန်ရေးသတင်းများဖော်ပြနေသည့် Myaing 3Starချန်နယ်ထံက သိရသည်။

” စစ်ကောင်စီအနေနဲ့ ထီးလင်းဘက်ထိ အဲ့ဖိုက်တာကရောက်ပြီးမှ ပြန်လာပြီး ပေါက်နယ် က စံဖဲရွာကိုပစ်သွားတာပါဗျ။ စံဖဲရွာဆေးပေးခန်းနားကျရောက်ခဲ့ပြီး လူနာစောင့် အမျိုးသားနှစ်ဦးသေဆုံးပါတယ်။ လူနာစောင့်ကအပြင်ထွက်နေတုန်းထိတာပါ” ဟု Myaing 3Star ချန်နယ်လမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းဗုံးကြဲတိုက်ခိုက်မှုတွင် ပြည်သူ ၇ဦးဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်းသိရသည်။

“ဆေးပေးခန်းနားက အိမ်တွေပေါ် ကျတာ ပြည်သူတွေရော ထိခိုက်ဒဏ်ရာရတယ်ဗျ။ စိုးရိမ်ရတဲ့ထိတော့မပါဘူးပြောတယ်။ မနေ့ကစိုးရိမ်ရတဲ့သူက သေတော့ ဒီကနေ့ နှစ်ယောက် သေတယ်။ မနေ့က ပစ်ပြီးတဲ့ အခြေအနေမှာ တစ်ဦးပဲ သေတာ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းဆေးခန်းတွင် တက်ရောက်ကုသနေသည့် လူနာများမှာမူ ထိခိုက်မှုမရှိကြောင်း သိရသည်။

ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးခန်းနှင့် နေအိမ်တစ်လုံးပျက်စီးခဲ့ပြီး ထပ်မံဗုံးကြဲမည်စိုးသဖြင့် ဆေးခန်းကို ပိတ်ထားရကြောင်းသိရသည်။