မုံလှတိုက်ပွဲမှ သိမ်းဆည်းရမိသောသော လက်နက်များကို ပူးပေါင်းတပ်ဖွဲ့များထံ ခွဲဝေ ဂုဏ်ပြု

ဓာတ်ပုံ-ခင်ဦးပကဖ
ပုံစာ- လက်နက်များ ပေးအပ်နေပုံ။

မုံလှတိုက်ပွဲတွင် သိမ်းဆည်းရမိခဲ့သော လက်နက်များကို ပူးပေါင်းစစ်ဆင်ရေးတပ်ဖွဲ့များအား ခွဲဝေ ပေးခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊မုံလှရွာအနီး နိုဝင်ဘာ၂၃ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အင်အား ၁၈၀ခန့် စစ်ကြောင်းကို PDFနှင့်ပကဖ ပူးပေါင်းတပ်များက စစ်ကြောင်းပြုတ်လုနီး တိုက်ခိုက်နိုင်ခဲ့ပြီး သိမ်းဆည်းရမိခဲ့သည့် လက်နက်များအနက် MA1 သေနတ်၁၀လက်နှင့် G3 သေနတ်၄လက်တို့ကို ခင်ဦးမြို့နယ်ပကဖ က တိုက်နယ်ပကဖများနှင့် UGပကဖတို့ထံ ဒီဇင်ဘာ၂ရက်က အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

“အခုသေနတ်၁၄လက်ဆိုတာက ပကဖ က ရရှိထားတဲ့ခွဲတမ်းကို မြို့နယ်ပကဖ ကနေတစ်ဆင့် တိုက် နယ်ပကဖ ၁၊၂၊၃၊၄၊၅ နဲ့ UGပကဖ တို့ကို အသိအမှတ်ပြုဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါတယ်ဗျ”ဟု ခင်ဦးမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။

ခင်ဦးမြို့နယ်ပကဖ အနေနှင့် တိုက်ပွဲများအတွင်း သိမ်းဆည်းရမိသည့်လက်နက်များကို ပူးပေါင်းတပ် ဖွဲ့များသို့ အစဉ်တစိုက်ခွဲဝေပေးခဲ့ကြောင်း သိရသည်။

“ဘယ်အချိန်ကတည်းကလည်းဆိုရင် တော်လှန်ရေးအစ ကနဦးမှာကတည်းက ကျနော်တို့မြို့နယ်မှာ ဆိုရင် ပြောက်ကျားစစ်ဆင်ရေးတွေ အများအပြားလုပ်ဖူးတယ်။လက်နက်တွေ အများအပြားရဖူး တယ်။ရခဲ့တဲ့လက်နက်တွေကို စစ်ဆင်ရေးမှာ ပါဝင်တဲ့ အဖွဲ့တိုင်းကို အမြဲတမ်း ကျနော်တို့ ခွဲခြမ်း စိတ်ဖြာ ပေးခဲ့တာမျိုးတွေ ရှိပါတယ်ဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။

ခင်ဦးမြို့နယ်အတွင်းရှိ စစ်ဆင်ရေးများကို PDF၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် ပကဖ နှင့် ပကဖပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ကြကြောင်း သိရသည်။

ပကဖတွင် ခင်ဦးမြို့နယ်ပကဖ၊ တိုက်နယ် ၁၊၂၊၃၊၄၊၅ ပကဖနှင့် UG ပကဖ တို့ရှိပြီး UGပကဖ သည် မြို့နယ်ပကဖ ၏ လမ်းညွှန်ချက်ဖြင့် တိုက်ပွဲတိုင်း၌ ပါဝင်လျက်ရှိသလို ပြောက်ကျားစစ်ဆင်ရေးများ လည်း ဖော်ဆောင်ကြောင်း ခင်ဦးမြို့နယ်ပကဖ တာဝန်ရှိသူက ဆိုသည်။

မုံလှတိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကြောင်းသည် မုံလှရွာထဲသို့ ဝင်ပြေးသွားပြီးနောက် နိုဝင်ဘာ၂၇ ရက်ညနေပိုင်း၌ မုံလှ – ပင်စိမ်းကင်း – ကျီစု – အောင်သာယာ – ကာဘိုး လမ်းကြောင်းအတိုင်း ကန့်ဘလူဘက်သို့ တော်လှန်ရေးတပ်များမသိအောင် တိုးတိုးတိတ်တိတ် ထွက်ပြေးသွားခဲ့ကြောင်း နိုဝင်ဘာ၂၃ရက် တိုက်ပွဲအပြီးမှ စ၍ ယနေ့(ဒီဇင်ဘာ၃ရက်)အထိ ခင်ဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ရေးအခြေအနေ ငြိမ်သက်နေကြောင်း သိရသည်။

မုံလှတိုက်ပွဲကို အမှတ်၂ ရွှေဘိုခရိုင်၊အမှတ်၃တပ်ရင်း၊ခင်ဦးမြို့နယ်ပကဖ၊ တိုက်နယ် ၁၊၂၊၃၊၄၊၅ ပကဖ၊ UG ပကဖ နှင့် ခင်ဦးမြို့နယ်ပလဖ တို့ ပူးပေါင်းဆင်နွှဲခဲ့ပြီး သေနတ်၂၉လက် သိမ်းဆည်းရ ရှိ ကာ စစ်သားများစွာ သေဆုံး၊ဒဏ်ရာရခဲ့သည်။

စာတည်း-ML