[ အတွေးအမြင်ဆောင်းပါး ]
မြန်မာနိုင်ငံမှာ အတိုက်အခံဆိုတာ အစိုးရကို ဆန့်ကျင်သူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေ နဲ့ ပြည်သူကို ဖိနှိပ်တဲ့ စစ်တပ်ကို ဆန့်ကျင်တော်လှန်နေသူတွေ ပါဝင်ပါတယ်။
အရင်ကတော့ အတိုက်အခံ အမျိုးအစားတွေထဲမှာ နိုင်ငံရေးပါတီ ၊ တတ်ကြွလှုပ်ရှားသူတွေ ၊ ခေတ်အဆက်ဆက် အာဏာရှင်ကို တိုက်နေတဲ့ ကျောင်းသားလူငယ်တွေ၊ ကျောင်းသားသမဂ္ဂတွေ အပြင် ဒီကာလမှာတော့ ထူးထူးခြားခြား CDM တွေနဲ့ ပြည်ပြေးသတင်းထောက်တွေ အပါအဝင် စစ်အာဏာရှင်ကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင့်တော်လှန်နေသူ အားလုံးက အတိုက်အခံလို့ပြောလို့ရပါတယ်။
တော်လှန်ပုန်ကန်သူတွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ တော်လှန်ပုန်ကန် နေကြရသူတွေ ချည်းပဲ ဖြစ်တာကြောင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံပြင်ပမှာ နေထိုင်သူတွေနဲ့ နိုင်ငံတွင်းမှာ အရေးပေါ် အခြေအနေကြောင့် အခြားနေရာတွေကို ရွေ့ပြောင်းနေထိုင်သူတွေကြားမှာ ရည်မှန်းချက်ပန်းတိုင်တွေ အိပ်မက်တွေ မျှော်လင့်ချက်တွေအများကြီးထဲက တစ်ခုတည်းသော တူညီတဲ့ အရာ တစ်ခုက နေရပ်ပြန်နိုင်ရေးပါပဲ ။ တိတိကျကျပြောရရင် ဂုဏ်သိက္ခာ ရှိရှိ နေရပ်ပြန်နိုင်ရေး ပါပဲ ။
” ရွေးကောက်ပွဲ “
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ လုပ်မယ့် ရွေးကောက်ပွဲ အကြောင်း ပြောရရင် ဒီရွေးကောက်ပွဲကို အတိုက်အခံ အများစု (အမှန်တော့ အကုန်လုံးနီးပါးက ) လက်မခံချင်ကြပါဘူး။ လက်မခံနိုင်တဲ့ အကြောင်းအရင်းတွေကများစွာရှိတဲ့ အထဲမှာ တစ်နိုင်လုံး ဧရိယာရဲ့ ၇၀ ရာခိုင်နှုန်းက စစ်ဖြစ်နေတာက အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။ စစ်ကော်မရှင် (စကမ) အနေနဲ့ ဒီစစ်ပွဲတွေကို သေချာ အဆုံးမသတ်နိုင်ပဲ ပဋိပက္ခတွေ ကြားထဲကပဲ တစ်စိတ်တစ်ပိုင်းရွေးကောက်ပွဲတွေ လုပ်မယ်လို့ အာဏာရှင်ဆန်ဆန် ဆုံးဖြတ်ခဲ့ပါတယ်။
” ရွေးကောက်ပွဲ မဖြစ်ခင်ကာလ အခြေအနေနှစ်ခုကို နှိုင်းယှဉ်ခြင်း “
မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲတွေ ထဲက ၁၉၉၀ ကိုချန်လှပ်ပြီး ‘နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ’ဟု အမည်တပ်ထားတဲ့ (နအဖ) စစ်အာဏာရှင် အစိုးရ ဦးဆောင်ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အခြေအနေနဲ့ ယခု စကမ ကဦးဆောင်ကျင်းပမယ့် ၂၀၂၅ ရွေးကောက်ပွဲ မတိုင်ခင် အခြေအနေတွေကို နှိုင်းယှဉ် သုံးသပ်ပြ သွားမှာပဲ ဖြစ်ပါတယ်။
ဒီလိုနှိုင်းယှဉ်ကြည့်တဲ့ အခါမှာ စစ်တပ်က ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲ ချင်းတူပေမယ့် မတူညီတာတွေ အများကြီးရှိနေပါတယ်။ အရင်ဆုံး ရွေးကောက်ပွဲ မတိုင်ခင် အခြေအနေမှာ တူညီတာတွေကို ဖော်ပြရရင် ၂၀၁၀ မှာရော ၂၀၂၅ ရွေးကောက်ပွဲမှာပါ အကြီးဆုံး အတိုက်အခံ ပါတီဖြစ်တဲ့ NLD ပါတီကရွေးကောက်ပွဲတွင် မပါဝင်ခြင်း၊ ရွေးကောက်ပွဲမတိုင်ခင်အထိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုထောင်သွင်းအကျဉ်းချထားခြင်း။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီပေါင်း ၃၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စစ်တပ်မှ အရပ်သားဘက်သို့ ပုံပြောင်းထားတဲ့ သူများဦးဆောင်တဲ့ ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ( USDP) က အင်အား အများဆုံး ဖြစ်ပြီး USDP အပါအဝင် ကျန်ပါတီများမှာ စစ်တပ်ကို ပြောင်ပြောင်တင်းတင်း အတိုက်အခံ မလုပ်သူများက ဦးဆောင်နေတဲ့ ပါတီတွေဖြစ်ပါတယ်။
ခုလာမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာလည်း USDP ပါတီက အင်အားအကြီးဆုံး ပါတီအဖြစ် ဆက်လက် ရပ်တည်နေပြီး ၂၀၂၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီမှာ ၅၇ ပါတီရှိပြီး တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီကြီး ၆ ခု နဲ့ တိုင်းနဲ့ ပြည်နယ် အဆင့်အလိုက် ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေး ပါတီ ၅၁ ပါတီရှိပါတယ်။
အဲ့ဒီထဲကမှ တစ်နိုင်ငံလုံး အတိုင်အတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီကြီး ၆ ခုဖြစ်တဲ့ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၊ တိုင်ရင်းသား စည်းလုံးညီညွှတ်ရေးပါတီ ၊ ကျားဖြူပါတီ ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ မြန်မာနိုင်ငံတောင်သူလယ်သမားများဖွံ့ဖြိုးတိုးတတ်ရေးပါတီ တွေဟာ ရွေးကောက်ပွဲ မတိုင်ခင် ၅ နှစ်အတွင်း အာဏာသိမ်းစစ်တပ်ကို ပြောင်ပြောင်တင်းတင်းအတိုက်အခံမလုပ်ခဲ့သူတွေ ဦးဆောင်တဲ့ပါတီများဖြစ်ပါတယ်။
အပေါ်မှာနှိုင်းယှဉ် ပြထားတာတွေကတော့ ၂၀၁၀ နဲ့ ၂၀၂၅ ရွေးကောက်ပွဲ မတိုင်ခင် ကာလ နှစ်ခု ထဲက တူညီနေတဲ့ အချက်တွေအချို့ကို ထုတ်ပြထားတာပဲ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင် ကာလ ၂ ခုကို နှိုင်းယှဉ်ကြည့်ရာမှာ မတူတာတွေလည်း အများကြီးရှိပါတယ်။ နိုင်ငံတစ်ခု မှာ ရွေးကောက်ပွဲ ကျင်းပတော့မယ်ဆိုရင် အဲ့ဒီနိုင်ငံမှာ နိုင်ငံရေးအခြေအနေတည်ငြိမ်ခြင်း တရားဥပဒေစိုးမိုးမှုရှိခြင်း၊ ပြည်သူတွေက လွတ်လပ်စွာ မဲပေးခွင့်ရှိခြင်း ၊ မဲပေးနိုင်သူစာရင်း သေချာပြုစုထားခြင်း ၊ ရွေးကောက်ပွဲကို ပြည်သူတွေက လုံခြုံစိတ်ချစွာ ပါဝင်နိုင်အောင် အနည်းဆုံးတည်ရှိရမယ့် လုံခြုံရေးအခြေအနေရှိ ထားရှိခြင်း စတဲ့ အချက်တွေက ဒီရွေးကောက်ပွဲမှာအဓိက ကြည့်ရမယ့် အရေးကြီးဆုံး အချက်တွေ ဖြစ်ပါတယ်။ အခု ကျင်းပမယ့် ၂၀၂၅ ရွေးကောက်ပွဲမတိုင်ခင်မှာ ဒီအချက်တွေက လုံးဝ မပြည့်စုံနေပါဘူး။
၂၀၁၀ ခုနှစ် နအဖ ကဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင် အခြေအနေကို ယှဉ်ကြည့်ရင် စစ်အုပ်စုက ဦးဆောင်ခဲ့တဲ့ ရွေးကောက်ပွဲချင်း အတူတူ တရားဥပဒေ စိုးမိုးရေး နဲ့ တရားစီရင်ရေး စနစ်က အလုပ်ကောင်းကောင်းလုပ်နေတယ်လိုပြောလို့ရပါတယ်။ ခြွင်းချက်အနေနဲ့ နိုင်ငံရေး နဲ့ သက်ဆိုင်တဲ့ အမှုတွေမှာ သာ ပွင့်လင်းမြင်သာမှု မရှိပေမယ့် အခြားရာဇဝတ်ပြစ်မှုတွေကို ထင်ရှားတဲ့ ပြစ်ဒဏ်စီရင်ချက်တွေ ချမှတ်နိုင်ခဲ့တဲ့ အခြေအနေရှိခဲ့ပါတယ်။
နအဖ လက်ထက်မှာ တရားရုံးတွေ၊ ရဲစခန်းတွေ အပြည့်အဝ လည်ပတ်နေပြီး ရွေးကောက်ပွဲ မတိုင်ခင် စစ်ရေး အခြေအနေဟာလည်းတည်ငြိမ်လျှက်ရှိနေပါတယ်။ ဒါကြောင့် ၂၀၁၀ မှာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မြို့နယ် ပေါင်း ၃၃၀ ရှိတဲ့အထဲက ရှမ်းပြည်နယ်ရှိ မြို့နယ် ၅ မြို့နယ်က လွဲလို့ ကျန်တဲ့ ၁၂၅ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါ့တယ်။
ယခုကျင်းပမယ့် ၂၀၂၅ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး အခြေအနေကို လေ့လာကြည့်ရင် မြို့နယ်တရားရုံး အချို့တောင်ပိတ်သိမ်းထားရပြီး တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ ရဲစခန်း၊ ကျောင်း၊ ဆေးရုံ ၊ တွေအပြင် အထွေထွေ အုပ်ချုပ်ရေးရုံးများ ပိတ်ထားရတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။
စစ်တပ်ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေ အပြည့်အဝ ထိန်းချုပ် လည်ပတ်နေတဲ့ ရန်ကုန်လို မြို့ကြီးတွေမှာတောင် ပြည်သူတွေဟာ ဥပဒေရဲ့အကာအကွယ်ပေးမှုကို မခံစားရပါဘူး။ နောက်တစ်ခုက စစ်တပ်က လက်နက် တပ်ဆင်ပေးထားတဲ့ ပျူစောထီးလို့ခေါ်တဲ့ အရပ်သား လက်နက်ကိုင်တွေရဲ့ ပြသနာက ပိုကြီးထွားလာပါတယ်။
အရင် နအဖ လက်ထက်တုန်းက စွမ်းအားရှင်လို့ အမည်ပေးထားတဲ့ စစ်တပ်ကို ထောက်ခံတဲ့ အရပ်သား အဖွဲ့တွေ ရှိပေမယ့် နိုင်ငံရေး သမားတွေနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကိုသာ ပစ်မှတ်ထားစောင့်ကြည့်တာတွေလုပ်လေ့ရှိပါတယ်။ လက်ရှိ စကမ မွေးထားတဲ့ ပျူတွေကတော့ ပြည်သူကို အကြမ်းဖက်ခြင်း၊ ဥပဒေမဲ့ လူသတ်ခြင်း၊ လုယက်ခြင်း ၊ စစ်သုံးပစ္စည်းနဲ့ စစ်လက်နက်များကို ကိုင်တွယ်သုံးစွဲခြင်းစတာတွေကို နယ်မြို့တွေနဲ့ ရန်ကုန်မြို့ပေါ်မှာပါ ပေါ်ပေါ်ထင်ထင် ပြုမူနေထိုင်နေကြတာဖြစ်ပါတယ်။
၂၀၂၅ ရွေးကောက်ပွဲမှာ မကျင်းပနိုင်တဲ့ မြို့နယ် ၅၆ မြို့နယ် ရှိတယ်လို့ UEC က ကြေငြာထားပြီး လက်ရှိမှာတော့ ၂၀၂၅ -၂၀၂၆ အတွက် UEC က ရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ် အပိုင်း ၁ နဲ့ ၂ ကိုထုတ်ပြန်ထားကာ မြို့နယ်စုစုပေါင်း ၂၀၂ မြို့ နယ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေငြာထားပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့် အပိုင်း၃ စာရင်းကို ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
UEC က ဒီနှစ်တွေ ထဲမှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသေးတဲ့ ၅၆ မြို့နယ်ကို ကြားဖြတ်ရွေးကောက်ပွဲမှာ ပြန်လည်ကျင်းပပေးမယ်လို့ထုတ်ပြန်ထားပေးမယ့် စကမက ပထမဆုံး ဦးဆောင်ကျင်းပမယ့် ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်နေ့ရဲ့ ရွေးကောက်ပွဲ နေ့ မတိုင်ခင် ၃ လအထိ စကမ ဘက်က ထိန်းချုပ်မှုလုံးဝ ဆုံးရှုံးနေတဲ့ မြိုနယ်ပေါင်း ၉၄ မြို့နယ်အထိ ရှိနေပါတယ်။
မိုးမိတ်နဲ့ မိုးကောင်းမြို့တွေ က MNDAA ကနေ စာရွက်ပေါ်မှာသာ လွဲပြောင်းပေးလိုက်ပေမယ့် စကမ အနေနဲ့ ပြန်လည်ဝင်ရောက်အုပ်ချုပ်နိုင်ဖို့ အခြားတော်လှန်ရေး အင်အားစုတွေနဲ့ ထိပ်တိုက်တွေ့ရအုံးမှာဘဲ ဖြစ်ပါတယ်။ ကျန်တဲ့ အခြားမြို့နယ်တွေမှာလည်း မြို့ပေါ်နေရာကွက်ကွက်လေးကိုသာ စစ်တပ်က ထိန်းချုပ်ထားပြီး မြို့အပြင်ဘက် ကျေးရွာအုပ်စုတွေမှာ အထွေထွေအုပ်ချုပ်ရေး လုံး၀မလည်ပတ်နိုင်တဲ့ အခြေနေမျိုးဖြစ်ပေါ်နေတဲ့နေရာတွေက ရွေးကောက်ပွဲလုပ်မယ်လို့ ပြင်ဆင်ထားတဲ့ ၂၇၄ မြို့နယ်ထဲမှာ ရှိနေပါသေးတယ်။
နောက်တစ်ခုက မဲစာရင်း သေချာပြုစုနိုင်ခြင်း မရှိတဲ့ ပြဿနာပါ။ ၂၀၂၄ ခုနှစ်ပြည်လုံးကျွတ် သန်းခေါင်စရင်း ကောက်ယူမှု အစီရင်ခံစာကို ပြန်ကြည့်ရင် လူဦးရေစာရင်း အပြည့်အဝ ကောက်ယူနိုင်တဲ့ မြို့နယ် (၁၄၅) မြို့နယ်၊ တစ်စိတ်တစ်ဒေသသာ စာရင်းကောက်ယူနိုင်တဲ့ မြို့နယ် (၁၂၃) မြို့နယ်နဲ့ လုံးဝ စာရင်းမကောက်ယူနိုင်တဲ့ မြို့နယ် (၆၂) မြို့နယ်ရှိကြောင်း တွေ့ရပါတယ်။
အထွေထွေအုပ်ချုပ်ရေးလည်း လည်ပတ်နိုင်ခြင်းမရှိဘဲ တိကျတဲ့ မဲဆန္ဒရှင် စာရင်းပြုစုနိုင်ဖို့အတွက် အရေးအကြီးဆုံး အချက်ဖြစ်တဲ့ လူဦးရေ စာရင်း ကောက်ယူမှုကိုတောင် မြိုနယ်ပေါင်း ၃၃၀ မှာ အပြည်အဝ ကောက်ယူနိုင်ခဲ့ခြင်း မရှိပါ။ ဒါက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်လိုက်ရင် မြို့နယ် အားလုံးရဲ့ ၄၃ရာခိုင်နှုန်းကိုသာ လူဦးရေစာရင်း အပြည်အဝ ကောက်ယူနိုင်ခဲ့တယ်လို ဆိုလိုတာ ဖြစ်ပါတယ်။
ဒီအချက်တွေက ရွေးကောက်ပွဲ ကို ဦးဆောင်ကျင်းပတဲ့ စစ်အစိုးရ နှစ်ခုရဲ့ အလွန်ကွာခြားနေတဲ့ နိုင်ငံရေး အခြေအနေ ပဲ ဖြစ်ပါတယ်။ ထပ်ဖြည့်ပြောရရင် စကမဟာ သူအပြည့်အဝ မထိန်းချုပ်နိုင်တဲ့ နေရာတွေမှာတောင်ရွေးကောက်ပွဲ လုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဥပမာ ပြရမယ်ဆိုရင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပမယ့် စာရင်းထဲမှာ ပါလာတဲ့ ဒီးမော့ဆို မြို့နယ်ဟာ လက်ရှိ မှာ တိုက်ပွဲတွေလည်း ဆက်တိုက် ဖြစ်ပွားနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။
ဒီးမော့ဆို မြို့နယ်ကဲ့သို့ မဲပေးနိုင်သူမရှိ မဲစာရင်းပြုစု ထားခြင်းမရှိတဲ့ မြို့နယ်တွေကိုတောင် ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်ကော်မရှင်က ကြေငြာလာတာဖြစ်ပါတယ်။ ရွေးကောက်ပွဲတစ်ခုမှာ အခြေခံအားဖြင့် မဲဆန္ဒနယ်ရှိရမယ်၊ မဲဆန္ဒနယ်တိုင်းမှာ တိကျတဲ့ မဲပေးနိုင်တဲ့မဲဆန္ဒရှင်စာရင်းပြုစုထားရှိရမယ်၊ ဆန္ဒမဲပေးတဲ့အခါ မဲဆန္ဒရှင်ပြည်သူတွေလုံခြုံစိတ်ချပြီး မဲပေးခြင်းလုပ်ငန်းစဉ်မှာ ပါဝင်နိုင်အောင်အနည်းဆုံးတည်ရှိရမယ့် လုံခြုံရေးအခြေအနေရှိရမယ်၊ ရွေးကောက်ပွဲ တစ်ခု မဖြစ်ခင်မှာ ရှိထားရမယ့်ရွေးကောက်ပွဲ ဥပဒေအရ ပြဌာန်းထားတဲ့ အခြေခံ လိုအပ်ချက်တောင် ၂၀၂၅ ရွေးကောက်ပွဲက မပြည့်မီပါဘူး။
ဒီလို ရွေးကောက်ပွဲမတိုင်ခင် ရှိရမယ့် အခြေခံလိုအပ်ချက်တွေတောင် မပြည့်မီဘဲ ရွေးကောက်ပွဲလုပ်မယ် ဆိုတာက စကမ လုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ပိုပြီး မဖြစ်နိုင်ဘူးဆိုတာညွှန်းဆိုနေပါတယ်။
” ရွေးကောက်ပွဲအပြီးမှာ နေရပ်ပြန်နိုင်မှာလား “
ကျမအနေနဲ့ ဒီလို ရွေးကောက်ပွဲ၂ ခုကို နှိုင်းယှဉ်ပြနေတာက အတိုက်အခံတွေ နေရပ်ပြန်နိုင်ရေးနဲ့ အဓိက စပ်ဆက်နေလို့ပါ ။ ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး ၆ ရက်အကြာမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွတ်ပေးခဲ့ပါတယ်။
အဲ့ဒီနောက်မှာ စစ်တပ်ကို ဆန့်ကျင်လို့ ထောင်သွင်းအကျဉ်းချထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း တစ်သုတ်ပြီး တစ်သုတ် လွတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ပြည်ပရောက်နေတဲ့ နိုင်ငံရေးသမားတွေ၊ စစ်တပ်ကို တစ်နည်းနည်း နဲ့ ဆန့်ကျင့်ခဲ့သူတွေကို Blacklist စာရင်းက ပယ်ဖျက်ပြီး ညှိနှိုင်းမှု့ တစ်ချို့နဲ့ အတူ ပြည်တော်ပြန်ဝင်ခွင့် ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒါက အကုန်လုံးကိုဖြေလျှော့ပေးတာမျိုး မဟုတ်ပဲ သီးသန့် ညှိနှိုင်းနိုင်သူတွေသာပြည်ဝင်ခွင့် ပေးခဲ့ပြီး Blacklist စာရင်းပယ်ဖျက်မှုကိုလည်း အကြိမ်ကြိမ်ခွဲပြီး ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီအချိန်တုန်းက ကိုဇာဂနာ အပါအဝင် ငြိမ်းချမ်းရေး ပွဲစားအချို့က အစိုးရသစ်နဲ့ ပြည်တွင်းကို တရားဝင်ပြန်လည်ဝင်ရောက်ချင်သူတွေကြား စေ့စပ်ညှိနှိုင်းမှုကောင်းတာကြောင့်လည်း ပြန်လည်ဝင်ရောက်ခွင့်ရကြတာဖြစ်ပါတယ်။ပြည်တွင်းထဲမှာတင် တိမ်းရှောင်နေရသူတွေနဲ့ နယ်စပ်တွေ မှာ နှစ်နဲ့ချီ တိမ်းရှောင်နေရသူတွေအချို့လည်း ဘာညှိနှိုင်းမှုမှမရှိဘဲ နေရပ်ကို ဒီအတိုင်း ပြန်လာနေထိုင်ကြရသူတွေရှိပေမယ့် အဲ့ဒီလူတွေထဲက အချို့ကို အနည်းငယ် စောင့်ကြည့်တာတွေနဲ့ အမှုဟောင်းကို ပြန်လည် အရေးယူတာမျိုးတွေလည်း ရှိခဲ့ပါတယ်။
နမူနာပြရရင် ၂၀၀၉ ခုနှစ်မှာ နိင်ငံရေးအမှုတွေ လိုက်ပေးတဲ့ ရှေ့နေ စောကျော်ကျော်မင်းကို တရားရုံးမထီမဲ့မြင် ပြုမှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။ ဒီမတရားစွပ်စွဲချက်ကို လက်မခံနိုင်တာကြောင့်နယ်စပ်ကို တိမ်းရှောင်လာခဲ့ပြီး အဲ့ဒီရှေ့နေက ၂၀၁၂ ခုနှစ်မှာ ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး တရားဝင်နေထိုင်နိုင်ဖို့အတွက် နဂို အမှုဟောင်းကို ပြန်လည်ရင်ဆိုင်ခဲ့ရပါတယ်။
အဲ့ဒီအမှုဟောင်းကြောင့်ပဲ ထောင်ဒဏ် ၆ လ ချမှတ်ပြီးအပြစ်ပေးခံခဲ့ရပါတယ်။ ဒီဖြစ်စဉ်ဟာ ဒီမိုကရေစီစံနှုန်းတွေ ကို အလွန်လေးစား လိုက်နာပါတယ်လို့ နိုင်ငံတကာကို ပြသချင်တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာတောင် ဒိတ်ဒိတ်ကျဲ အတိုက်အခံတွေက လွဲလို့ ကျန်တဲ့ အသေးအမွားပြစ်မှုဟောင်းလေးတွေကိုတောင် နောက်ကြောင်းပြန်အရေးယူတာတွေလုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်တဲ့ နမူနာမှတ်တမ်းအချို့ဖြစ်ပါတယ်။
ဒီနွေဦးတော်လှန်ရေးကာလမှာ အတိုက်အခံ အမျိုးစားစုံလင်သလို ၅၀၅ (က)/(ခ) ကဲ့သို့သော နိုင်ငံရေးပုဒ်မတွေ အပြင် အခြားရာဇဝတ်မှုတွေ အပါအဝင် အမှုပေါင်းများစွာနဲ့ ဝရမ်းကပ်ခံ ထားရတဲ့ ပြစ်မှုကြီးတွေအများကြီးရှိတဲ့ အတိုက်အခံ အင်အားစုတွေရှိနေပါသေးတယ်။ ဒီလူတွေဟာ ကိုယ့်နေရပ်မဟုတ်တဲ့ လွတ်မြောက်နယ်မြေတွေမှာ နေထိုင်နေကြသလို နယ်စပ်ဒေသတွေရယ်၊ ဒုတိယ နိုင်ငံမှာ အများစုနဲ့ တတိယ နိင်ငံတွေမှာ အနည်းစု နေထိုင်နေကြရသူတွေရှိပါတယ်။
ဒီအထဲက အချို့က တော့ ရွေးကောက်ပွဲပြီးရင် မိမိတို့ နေရပ်ကို မသိမသာ ပြန်လည်အခြေချဖို့ ဖြစ်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်အချို့လည်း ရှိသလို ဒီနည်းလမ်းက ၂၀၁၀ ရွေးကောက်ပွဲ အလွန်မှာအလုပ်ဖြစ်ခဲ့ပေမယ့် လာမယ့် ၂၀၂၅ ရွေးကောက်ပွဲ အလွန်မှာတော့ အာဏာရအစိုးရကို သေချာ အကြောင်းမကြားဘဲ နေရပ်ပြန်ဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်လို့ရပါတယ်။ မဖြစ်နိုင်ဘူးလို့ သုံးသပ်ရတဲ့ အဓိက အကြောင်းရင်းက စစ်တပ်ကတွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့ PSMS စနစ်ကြောင့်ပါ။
” PSMS စနစ်က ဘယ်လောက်ထိ အရေးပါသလဲ “
PSMS စနစ်က မြန်မာနိုင်ငံနဲ့ အခြားနိုင်ငံတွေမှာပါ အသုံးပြုနေတဲ့ “လူပုဂ္ဂိုလ်ဆိုင်ရာ အချက်အလတ်များကို စစ်ဆေးခြင်း နှင့် စောင့်ကြည့်ခြင်း” ဆိုတဲ့ စနစ်တစ်ခုဖြစ်ပြီး မိမိကိုယ်ပိုင်မှတ်တမ်း၊ နိုင်ငံသားမှတ်ပုံတင်အချက်အလက် (ID)၊ ကိုင်ဆောင်တဲ့ SIM-ကတ် အမျိုးအစား၊ Passport ပါအချက်အလတ်များ၊ CCTV မှတ်တမ်းက ရုပ်/အသံ စတာတွေကိုအခြေခံပြီးမှ စနစ်တကျ ချိတ်ဆက်အသုံးပြုထားတဲ့ စောင့်ကြည့်စနစ်ဖြစ်ပြီး ဒီစနစ်နာမည်ကို Person Scrutinization and Monitoring System” ဟုဖော်ပြသော်လည်း၊ တချို့နေရာများတွင် “People Surveillance & Management System” လို့လည်း ခေါ်ဆိုအမည်ပေးထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စကမ အနေနဲ့ အထွေထွေ အုပ်ချုပ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကို ကျရှုံးခဲ့ပေမယ့် တရုတ်ကုမဏီတွေရဲ့ အကူအညီနဲ့ PSMS စနစ်ကို သူရဲ့ စိုးမိုး ဧရိယာတွေမှာ ကောင်းကောင်း လည်ပတ်နိုင်ခဲ့ပါတယ်။ ဒီစနစ်ကို အကောင် အထည်ဖော်တဲ့ နေရာမှာ ပြည်သူတွေရဲ့ လုံခြုံရေးကို ရှေးရှုခဲ့တာမဟုတ်ဘဲ အာဏာရှင်တွေရဲ့ လုံခြုံရေးအတွက်ကို အဓိကထားပြီး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ဒီစနစ်ကို အသုံးပြုပြီး စစ်အာဏာရှင်တွေကို ဆန့်ကျင်သူတွေရဲ့ အချက်အလက်ကို Blacklist စာရင်းထဲထည့်သွင်းထားပြီး ခရီးသွားမှတ်တမ်းများ၊ ပြစ်မှုမှတ်တမ်းအဟောင်းများနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခြင်း၊ ဝရမ်းထုတ်ခံထားရခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ခံသူ၊ စစ်တပ်ကို ဆန့်ကျင့်သူ စတဲ့ သူတွေရဲ့ ဒေတာကို ထည့်သွင်းထားပြီး၊ CCTV ကနေ တစ်ဆင့် မျက်နှာကို ဖတ်ခြင်း (facial-recognition) စနစ်များ၊ AI စနစ်များနဲ့ ချိတ်ဆက်အသုံးပြုထားတဲ့ စောင့်ကြည့်စစ်ဆေးတဲ့ စနစ် တစ်ခုဖြစ်ပါတယ်။
PSMS စနစ်အတွက် နည်းပညာပေးတဲ့ ကုမဏီတွေကတော့ Huawei, Dahua, Hikvision စတဲ့ကုမ္ပဏီတွေပဲဖြစ်ပြီး မြန်မာမှာ တပ်ဆင်ထားတဲ့ PSMS စနစ်ထဲမှာ Facial-recognition စနစ်ပါဝင်ပြီး၊ အဲ့ဒီ ကင်မရာတွေအတွက် Huawei က supply လုပ်ထားတာရှိပါတယ်။ ဒီစနစ်ကြောင့်ပဲ စစ်တပ်ကိုဆန့်ကျင်ခဲ့သူ၊ အာဏာသိမ်းမှုကိုဆန့်ကျင်နေသူ၊ အတိုက်အခံတွေ အနေနဲ့ ညှိနှိုင်းမှု သေချာမလုပ်ဘဲ နေရပ်ပြန်ရဖို့မဖြစ်နိုင်ပါဘူး။
လက်ရှိ စစ်အစိုးရအနေနဲ့ အတိုက်အခံတွေကို ဖိနှိပ်ရာမှာ နည်းပညာများ အသုံးပြုလာသလို၊ ဖမ်းဆီးတဲ့ ပုဒ်မတွေကိုလည်း နိုင်ငံရေးပုဒ်မများအပြင် အခြား ရာဇဝတ်မှု ပုဒ်မများနဲ့ အစားထိုးလာပြီး နိုင်ငံရေးအကျဉ်းသားတွေကိုလည်း သေဒဏ်အထိ အပြစ်ပေး အရေးယူတာမျိုးတွေကို ရက်ရက်စက် လုပ်ဆောင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုဖိနှိပ်မှုတွေ အပြီးမှာတောင် အချို့လူအနည်းစုကတော့ နေရပ်ပြန် နိုင်ဖို့ အခွင့်အရေး တစ်ချို့လည်းရနိုင်ပါသေးတယ်။
” ဘယ်လိုလူမျိုးတွေ နေရပ်ကို အရင်ပြန်နိုင်မလဲ “
နောက်တတ်လာမယ့် အရပ်သားအစိုးရနဲ့ တရားဝင်ညှိနှိုင်းနိုင်သူအချို့ ၊ နာမည်ကြီးတဲ့ အတိုက်အခံများ ၊ ပညာရေး၊ ကျန်းမာရေး ၊ လူသားစာနာ အကူအညီများစတဲ့ ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေး ခေါင်းစဉ်နဲ့ ပြန်လည်ဝင်ရောက်မယ့် NGO များ၊ ပြည်ပရောက် CSO များ စတာတွေက အရင်ဆုံး ဝင်ရောက်ခွင့်ရနိုင်ခြေ များပါတယ်။
အဲ့ဒီအဖွဲ့အစည်းတွေထဲက ဦးဆောင်သူတွေအနေနဲ့ ဝရမ်းထုတ်ခံထားရတဲ့ ပြစ်မှုဟောင်းတွေရှိပါက သီးသန့်ညှိနှိုင်းရမှာဖြစ်ပြီး CDM တွေထဲမှာလည်း ပညာရေး ၊ ကျန်းမာရေး CDM တွေကိုတော့ နိုင်ငံရေးအရ ဖြေလျှော့ပေးမှု ခေါင်းစဉ်အောက်ကနေ အစောဆုံးနေရပ်ကို ပြန်လို့ရနိုင်ခြေရှိပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့မှာ စစ်ကော်မရှင်က ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား စုစုပေါင်း ၃,၀၈၅ ဦးကို လွတ်ငြိမ်းခွင့်နဲ့ ပြစ်ဒဏ်လျှော့ပေါ့မှုတွေ ပေးခဲ့တယ်လို့ တရားဝင် ထုတ်ပြန်ကြေညာခဲ့သလို ထိုအထဲက ၇၂၄ ဦးကို ခံဝန်နဲ့ လွှတ်ပေးခဲ့ပြီး၊ ကျန်ရှိတဲ့၂,၃၆၁ ဦးကိုမူ ပြစ်ဒဏ်များ လျှော့ပေါ့ပေးခဲ့ပါတယ်။
၅၀၅-ကနဲ့ တရားစွဲခံထားရကာထွက်ပြေးတိမ်းရှောင်နေတဲ့ အမှုဖွင့်ခံထားရသူ ၅,၅၈၀ ဦးရဲ့ အမှုတွေကိုလည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ အမှု ပိတ်သိမ်းလိုက်ကြောင်း စစ်ကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီလို နိုင်ငံရေးအရ ဖြေလျှော့မှုမျိုး ၂၀၁၀ ရွေးကောက်ပွဲ မတိုင် ၁ လအလိုမှာလည်း လုပ်ခဲ့ ပါတယ်။
ကွဲပြားနေတဲ့ အချက်က ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ကို ဆန့်ကျင်ခဲ့တဲ့ အတိုက်အခံ အများစုက နိုင်ငံရေးပုဒ်မ အပြင် အခြားရာဇဝတ်မှုပုဒ်မ တွေနဲ့ပါ အမှုဖွင့်ခံထားရတာပါ။ ဒီလို ဖြေလျှော့ပေးမှုက ၂၀၂၁ အာဏာသိမ်းပြီးကာစ မှာ ဖမ်းဝရမ်းထုတ်ခံခဲ့ရတဲ့ အနုပညာ ရှင်အချို့နဲ့ အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေး လုပ်ခဲ့ကြသူ အချို့ အတွက်တော့ နေရပ်ပြန်ဖို့ မျှော်လင့်ချက် ရှိလာတယ်လို့ ပြောလို့ရပေမယ့် ဒီလှုပ်ရှားမှုတွေကို ထဲထဲဝင်ဝင် ဦးဆောင်ခဲ့သူအချို့ကတော့ ၅၀၅-က ပုဒ်မ တစ်ခုထဲ ရှိမရှိကို စစ်တပ်က စိတ်တိုင်းကျ အသွင်ပြောင်းထားတဲ့ ဒီမိုကရေစီ အမည်ခံ အရပ်သား အစိုးရသစ်နဲ့ သေချာညှိနှိုင်းပြီးမှ နေရပ်ပြန်နိုင်ပါလိမ့်မယ်။ အရပ်စကားနဲ့ ဥပမာ ပေးရရင် အိမ်နောက်ကျမှ ပြန်လာတဲ့ သူတွေကတော့ ဒုတ်ကောက်ခဲ့ရစမြဲပါပဲ။
” အိမ်ပြန်လမ်းကအလှမ်းဝေးနေဆဲ အတိုက်အခံအင်အားစုများ “
စစ်တပ်ဘက်ကနေ လွယ်လွယ်နဲ့ ဖြေလျော့ မပေးမယ့် သူတွေကတော့ တပ် CDM တွေနဲ့ လက်ရှိမှာ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ PDF တပ်ဖွဲ့တွေ၊ အကြမ်းမဖက်ဘဲ အာဏာဖီဆန်ရေးကို စဉ်ဆက်မပျက် လုပ်ခဲ့ကြပြီး လူထုလှုပ်ရှားမှုတွေကို ဦးဆောင်နိုင်ခဲ့ကြတဲ့ အတိုက်အခံ အင်အားစုတွေ ပဲဖြစ်ပါတယ်။
“မြန်မာ စစ်တပ်ဟာ သူနဲ့ တစ်ခါ ရန်သူဖြစ်ပြီးရင် တစ်သက်လုံးရန်သူလို့ သတ်မှတ်လေ့ရှိပါတယ်။” အထူးသဖြင့်စစ်တပ်ဟာ နိုင်ငံရေး အတိုက်အခံတွေထက် သူ့ကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်သူတွေ အပေါ်မှာ ပိုပြီး အာဃာတ ထားလေ့ရှိပါတယ်။
နောက်တစ်ခုက မြန်မာ့နိုင်ငံရေးမှာ အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်ဆန့်ကျင်သူ အုပ်စုနှစ်ခုကြားမှာ တတိယ အင်အားစု နဲ့ ကြားနေဝါဒက ပိုပြီး ဆိတ်သုဉ်းလာပါတယ်။
စစ်ပွဲတွေကြောင့် အထိနာလာကြတဲ့ ပြည်သူတွေက စစ်တပ်ကိုထောက်ခံမလား စစ်တပ်ကို ဆန့်ကျင်မလားဆိုတဲ့ ဘက် နှစ် ဘက်ထဲက တစ်ခုကိုပဲ ရွေးခွင့်ပေးတဲ့ အခြေအနေကို တွန်းပို့နေပြီး တစ်ချိန်က ဘယ်လိုလူမျိုးပဲ ဖြစ်ခဲ့ဖြစ်ခဲ့ စစ်တပ်ကို ပြောင်ပြောင်တင်းတင်း မဆန့်ကျင်ရင် စစ်တပ်ထောက်ခံသူလို့ပဲ သတ်မှတ် လိုက်ကြတဲ့ “နိုင်ငံရေး အရောင်ခွဲခြားမှု” ဖြစ်စဉ်တွေ က ပြည်သူတွေကြားမှာ ပိုပြီးရိုက်ခက်လာခဲ့ပါတယ်။
တော်လှန်ရေး ခေါင်းဆောင်တစ်ယောက်က “သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူး” လို့ ပြောထားခဲ့ဖူးရင် “နိုင်ငံရေးဆိုတာ အချိန်တန်ရင် စားပွဲဝိုင်းတွေပေါ်မှာပဲ အဖြေရှာရမှာဘဲ ” ဆိုတဲ့ စကားကို ပြည်သူတွေနဲ့ လက်အောက်ငယ်သားတွေက အဲ့ဒီခေါင်းဆောင်ကို ထပ်ပြောင်းပြောခွင့် မပေးတော့ပါဘူး။ ဒါက နိုင်ငံရေးကို ဦးဆောင်နေသူတွေအနေနဲ့ အလွန်ကို သတိထားကိုင်တွယ်ရမယ့် ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။
နိဂုံးချုပ်ရရင် ရွေးကောက်ပွဲအလွန်မှာ နေရပ်ပြန်ဖို့ စဉ်စားနေသူတွေ အနေနဲ့ ပြည်တွင်းထဲမှာပဲ မဖြစ်မနေ နေထိုင်ချင်တယ်ဆိုရင်တော့ PSMS စနစ်တွေ အလုပ်မလုပ်သေးတဲ့ လွတ်မြောက်နယ်မြေတွေမှာ နေထိုင်ဖို့နဲ့ ရွေးကောက်ပွဲ အပြီးမှာ စစ်တပ်နဲ့ ခေတ္တခဏ အပစ်အခတ် ရပ်စဲရေး လုပ်နိုင်ခြေရှိပြီး အစကတည်းက နေရပ်ပြန်စရာမလိုတဲ့ ကိုယ်ဒေသ ကိုယ့်ပြည်နယ် အတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးရဖို့ တိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အတိုက်အခံ အင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသ တွေမှာသာ ခေတ္တ ပြောင်းရွေ့နေကြဖို့ အကြံပြုလိုက်ရပါတယ်။
